‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၉ရက်

‎တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကော်မရှင်တပ်၏ စခန်း သုံးခုကို သိမ်းထားနိုင်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်မှ ဗိုလ်မှူးအဆင့်များအပါအဝင် တပ်ဖွဲ့ဝင် ၃၀ကျော် သေဆုံးကြောင်း သိရသည်။

ယခု ‎အောက်တိုဘာ ပထမအပတ်အတွင်း စစ်ကော်မရှင်တပ်မှ ဗိုလ်မှုးအဆင့် သုံးဦး အပါအဝင် တပ်ဖွဲ့ဝင် ၃၀ကျော်မှာ KIAနှင့် ဖြစ်သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

‎‎စစ်ကော်မရှင်၏ ခလရ ၂၃၇၊ ခမရ ၃၈၇၊ ခမရ ၄၁၅တို့မှ ဗိုလ်မှူးနှင့် တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်းအတွင်း သေဆုံးခြင်း ဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က အတည်ပြုထားသည်။

‎”တိုက်ပွဲကနှစ်ဖက်အပြန်အလှန် သူတင်ကိုယ်တင်အဆင့်ကနေ KIA ဘက်က အသာစီးယူလာတယ်။ ကာကင်းစခန်းအတော်များများလည်း သိမ်းယူနိုင်လာတယ်။ စစ်တပ်ဘက်က လေယာဉ်ကွင်း ပြန်သုံး မယ်လို့ အသံလွှင့်လာတယ်။ သုံးပေါ့ အပစ်ခံရမှာပဲ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

‎ထို့အပြင် ယနေ့ အောက်တိုဘာ ၉ရက်နေ့တွင် ၂ မိုင်နှင့် ၃မိုင်အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်၏ ကာကင်းစခန်း သုံးခု ကိုလည်း KIAကသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

‎KIA အနေဖြင့် ဗန်းမော်တိုက်ပွဲအတွင်း အသာစီးပြန်ရနေပြီး ကာကင်းစခန်းများကို ဆက်တိုက် သိမ်းယူနေကာ နယ်မြေရှင်းလင်းမှုများပါ လုပ်ဆောင်လာနိုင်ကြောင်း သိရသည်။

‎‎၂မိုင်နှင့် ၃မိုင်ပတ်ဝန်းကျင်ရှိ စစ်ကော်မရှင်တပ်များကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကြောင်းထိုး တက်လာသည့် စစ်ကြောင်းများကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ပုံစာ-ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်တွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)