
(မင်းတပ်)၊ ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၉ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာ နှင့် ထင်းချောင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်၍ ကျောင်းသား လေး ဦး သေဆုံးပြီ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများ စာကျက်နေကြသည့် စာသင်ကျောင်းကို ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ထင်းချောင်း RC ဘုရားကျောင်းထဲ ကလေးတွေ စာကျက်နေတဲ့ချိန်မှာ ဘုရားကျောင်း အပေါ်တည့်တည့်ကို ဗုံးကြဲသွားတာပါ။ ကလေး လေးယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ မသန်စွမ်းတစ်ယောက်ပါတယ်။ အဲမှာ ကလေး ၁၂ ယောက်လောက်က ဒဏ်ရာရကြတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူလည်း ပါတယ်”ဟု မင်းတပ်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ထင်းချောင်းကျေးရွာ RC ဘုရားရှိးခိုးကျောင်း နှင့် ဝမ္မသူးကျေးရွာ စာသင်ကျောင်းများလည်း ဗုံးစထိမှန် မီးလောင်ပျက်သွားကြောင်း သိရသည်။
“ဝမ္မသူးရွာ စာသင်ကျောင်း လေကြောင်း ဗုံးကြဲမှုမှာ လူထိခိုက်မှု မရှိဘူး။ စာသင်ကျောင်းပေါ် တည့်တည့် ဗုံးကြဲတော့ ကျောင်းက လုံးဝ ပျက်စီးသွားတယ်။ ထင်းချောင်းရွာက ဘုရားကျောင်းလည်း မီးလောင်ပျက်စီးသွားပါတယ်” ဟု မင်းတပ်မြို့နယ်ဒေသခံက ထပ်မံပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ကလည်း မင်းတပ်မြို့ နှစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ အရပ်သား သုံး ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဟိုတယ်အပါအဝင် လူနေအိမ် ငါး လုံးထက်မနည်း ပျက်စီးသွားသည်။
မင်းတပ်မြို့နယ်ကို ချင်းညီနောင်အဖွဲ့ (CB) မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလတွင် သိမ်းပိုက်ရရှိထားပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင် မင်းတပ်မြို့ကို အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသည်။