
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်ရှိ အလုပ်ရုံတစ်ခုမှ အလုပ်ဖြုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၂၀ ဦးကို နစ်နာကြေးရရှိရန် MHACမဟာမိတ်အဖွဲ့ နှင့် NUG အလုပ်သမားဝန်ကြီးဌာနတို့မှ ကူညီပေးနိုင်ခဲ့ကြောင်းသိရသည်။
မြန်မာအလုပ်သမား ၃၂၀ ဦးကို အလုပ်ရှင်မှ အသိပေးခြင်းမရှိပဲ အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်ကာ ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့တွင် နစ်နာကြေးအဖြစ် ဘတ် သုံးသန်းရရှိခဲ့ခြင်းဖြစ်သည်။
အလုပ်ဖြုတ်ခြင်းခံရသည့် အလုပ်သမားအများစုမှာအလုပ်သမားဥပဒေအရလျော်ကြေးငွေ ပေးစရာမလိုအပ်သည့် လုပ်သက် လေးလမပြည့်မှီချိန်တွင် အလုပ်ဖြုတ်ခြင်းခံရခြင်းလည်းဖြစ်ကာ နစ်နာကြေးရရှိရေးအတွက် ထိုင်းအစိုးရတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ နစ်နာကြေးရရှိစေရန်အကူအညီပေးခဲ့ကြောင်းလည်း MHACမဟာမိတ်အဖွဲ့ထံက သိရသည်။
“အခက်အခဲကတော့ရှိပါတယ်။ အလုပ်ဖြုတ်ခံရတဲ့အလုပ်သမားတွေက ထိုင်းဥပဒေအရ လုပ်သက်မပြည့်မှီသေးတဲ့အလုပ်သမားတွေကိုဖြုတ်တာဖြစ်တယ်။ အဲ့လိုအလုပ်သမားတွေကို ဖြုတ်တဲ့အခါ ဥပဒေလမ်းကြောင်းအရ လုပ်ကိုင်ရတာခက်တယ်။ အလုပ်သမားအခွင့်အရေးလမ်းကြောင်းအရ လုပ်ရတာဖြစ်တယ်” ဟု အေအေစီကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နစ်နာကြေးအနေဖြင့် လုပ်သက် သုံးလ ကျော်အလုပ်သမားများမှာ ဘတ် ၁၀,၈၀၀ ရရှိခဲ့ကာ လုပ်သက် သုံးလ မကျော်သည့်အလုပ်သမားများမှာ ဘတ် ၉,၀၀၀ ရရှိခဲ့ပြီး သက်ဆိုင်ရာ လုပ်အားခများ ၊စာရွက်စာတမ်းများကို အလုပ်ရှင်မှ အလုပ်သမားများထံ ပေးအပ်ခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှ ၎င်းတို့၏ နစ်နာကြေးငွေ ဘတ်သုံးသန်းကျော်ထဲမှ ဘတ် ငါး သောင်းကို ဆက်လက်၍အလုပ်သမားရေးအကူညီများပေးအပ်နိုင်ရန်ရည်ရွယ်ကာ MHAC မဟာမိတ်အဖွဲ့ထံ လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
“ရံဖန်ရံခါမှာ NUGအစိုးရရဲ့အလုပ်သမားဝန်ကြီးဌာနကတာဝန်ရှိသူတွေကထိုင်းထဲမှာရှိတယ်။သူတို့မှာလဲ ဌာနတစ်ခုဖွင့်ထားတဲ့ရုံးရှိတယ်။ သူတို့နဲ့ကျွန်တော်တို့က အမှုတော်တော်များကို လက်တွဲဆောင်ရွက်တယ်။ ဒီအမှုမှာလဲအဲ့လိုပါပဲ။ ညွှန်ကြားရေးမှူးအဆင့်တာဝန်ရှိတဲ့သူနဲ့ ကိုရဲမင်းတို့MHACအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်” ဟု ကိုရဲမင်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း စီးပွားရေးကြပ်တည်းမှုများကြောင့် အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားအစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံရခြင်းများဖြစ်ပေါ်နေပြီး MHAC အဖွဲ့မှဖြေရှင်းပေးနေရသည့် ဖြစ်စဉ်ပေါင်းမှာ ယခုနှစ်ပတ်တာကာလတွင် ၁၀မှုကျော်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ကိုရဲမင်း