
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်
စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ စစ်ရှုံးနယ်မြေများ ပြန်လည်ရရှိရေးအတွက် မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသများကို အဓိကထားဦးတည်၍ လေကြောင်းဗျူဟာပြောင်းလဲကာ အရပ်သားများကိုပါမကျန် တိုးမြှင့်တိုက်ခိုက်လာနေကြောင်း CDM အရာရှိနှင့် အစီရင်ခံစာများအရ သိရသည်။
အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် စစ်ရှုံးကာ နယ်မြေများ လက်လွှတ်ခဲ့ရသော စစ်ကော်မရှင်သည် ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်နိုင်ရန် ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေပြီး ပထဝီအနေအထား၊ ကုန်ကျစရိတ် စသည်တို့ပေါ် မူတည်၍ ထိုကဲ့သို့ဦးတည် တိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကော်မရှင်က မြန်မာပြည်အလယ်ပိုင်းကို တိုက်ခိုက်ရာတွင် စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတို့အား ပိုမိုသုံးလာပြီး ကျန်ဒေသများကိုမူ ဂျက်လေယာဉ်နှင့် Y-12 များ အဓိကပေါင်းစပ် အသုံးပြုတိုက်ခိုက်နေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ထံမှ သိရသည်။
“လေကြောင်းအသုံးပြုရမှု များပြားလာနေတာကြောင့် စစ်ရေးဗျူဟာလိုအပ်ချက်နဲ့ ထိရောက်မှုအရ စက်တပ်လေထီး၊ ဂျိုရိုကော်ပတာတွေကို ပေါင်းစပ်အသုံးပြုလာခြင်း ဖြစ်တယ်” ဟု MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။
ယင်းသို့ ပိုမိုသုံးလာရခြင်းမှာ အလွယ်တကူ အသုံးပြုနိုင်ခြင်း၊ မြေပြန့်ရာသီဥတု မြင်ကွင်း ကောင်းမွန်ခြင်း၊ မြေပြင်ထောက်လှမ်းရေး အနီးကပ်လေကြောင်းပစ်ကူ လုပ်ဆောင်နိုင်ခြင်း၊ စစ်ဆင်ရေးနယ်မြေနှင့် အနီးဆုံးကနေ အခြေချစစ်ဆင်နိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း တို့ကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်များအနက် မြန်မာပြည် အလယ်ပိုင်းဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့ကို စစ်ကော်မရှင်က အဓိကပစ်မှတ်ထားလာသလို ရှမ်းမြောက်၊ ကချင်၊ ရခိုင်၊ ကရင်နီ၊ ပဲခူး၊ ချင်း၊ တနင်္သာရီ စသည့်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
အဆိုပါ ဂျိုင်ရိုကော်ပတာ ဆိုသည်မှာ လေယာဉ်အသေးစား တစ်မျိုးဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်ရန်အတွက် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ အဓိကဝယ်ယူကာ ထုတ်လုပ်စရာ ထွေထွေထူးထူး မလိုအပ်သလို ပစ္စည်းရောက်သည်နှင့် တပ်ဆင်နိုင်သော ပုံစံမျိုးဖြစ်ကြောင်း လေတပ် CDM အရာရှိတစ်ဦးထံမှ သိရသည်။
“စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေကို နေရာအတည်တကျ ထားတာမျိုးရှိသလို များသောအားဖြင့် စစ်ဆင်ရေးဆောင်ရွက်မယ့် နယ်မြေမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေနဲ့ အနီးဆုံးလေတပ်/ လေယာဉ်ကွင်းတွေမှာ တပ်ဆွယ်ထုတ်ထားပြီး စစ်ဆင်ရေးပြီးရင် မိခင်ဌာနချုပ်ကို ပြန်တာရှိတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်၏ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပိုမိုအရှိန်မြှင့်လာပြီး ယခုနှစ်၊ ပြီးခဲ့သည့် လပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားများ ထိခိုက်သေဆုံးမှုမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာများအရ သိရသည်။
စစ်ရေးအရှိန် တိုးမြှင့်လာမှုနှင့်အတူ အရပ်သားများကိုပါ စစ်ကော်မရှင်က ပစ်မှတ်ထား တိုက်ခိုက် လာခြင်းသည် ရပ်ရွာထောက်ခံမှုကြောင့် PDF များ မှီခိုပေါ်လာခြင်းဟု ၎င်းတို့၏ အယူအဆရှိ သည့်အတွက် ရပ်ရွာများကို ဗုံးကြဲကာ ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း CDM အရာရှိတို့၏ သုံးသပ်ထောက်ပြချက်အရ သိရသည်။
အလားတူ စစ်ကော်မရှင်ကလည်း မြေပြင်၊ ဝေဟင်တို့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်သွားရန်နှင့် ရွေးကောက်ပွဲမတိုင်မီ စစ်ရှုံးနယ်မြေများ ပြန်လည်ရရှိရန် စသည်တို့အား ယခုလအတွင်းက နေပြည်တော်တွင် ပြုလုပ်သော စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ-သလ္လာရွှေမြေ
ပုံစာ- စစ်ကိုင်းတိုင်းသို့ ရဟတ်ယာဉ်များဖြင့် စစ်အင်အားများဖြည့်တင်းနေစဉ်(ပုံဟောင်း)