‎‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၈ ရက်

‎ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန်တွင် စစ်ကော်မရှင်သည် ဧရာဝတီတိုင်းအတွင်း ဆုံးရှုံးနယ်မြေ စခန်းများကို ပြန်ရယူလိုနေပြီး ရခိုင်နှင့် ဧရာဝတီဝင်ပေါက်ရှိ အရေးပါသည့် နေရာများ တိုက်ခိုက် ခံရမည်ကို စိုးရိမ်နေကြောင်း သိရသည်။

စစ်ကော်မရှင်သည် ပုသိမ်-မုံရွာ၊ ငါးသိုင်းချောင်း-ဂွ လမ်းဆုံရှိ ရေနံ့သာ စစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် (AA) က ငသိုင်းချောင်းဘက်မှ ဝင်ရောက်တိုက်ခိုက်လာမည်ကို အဓိက စိုးရိမ်နေသည်။

ထို့ကြောင့် ငါးသိုင်းချောင်းမြို့နယ်တစ်လျှောက်တွင် ကင်းပုန်းများ နှင့် စစ်ဆေးရေးစခန်းငယ်များစွာကို ချထားပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကိုပါ ဂိတ်တွင် နေရာချထားကြောင်း ဒေသခံများထံမှ သိရသည်။

‎‎”ရေကြည်မှာက မဲစာရင်းကြည့်ဖို့ ဖိအားပေးလာတာတွေလည်းရှိတယ်။ အမြောက်တပ်အနီးကရွာတွေ ငါးသိုင်းချောင်းမြို့ပေါ်ပြေးလာရတွေလည်း တအားစိစစ်နေတယ်။ သူတို့စစ်ရေးပြင်နေတာတွေလည်း မြင်သိနေရပါတယ်” ဟု ရေကြည်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ထို့အပြင် လူအင်အားတိုးချဲ့ပို့ဆောင်ရာတွင် ဆက်သွယ်ရေးလမ်းကြောင်းများ သတင်းပေါက်ကြားပြီး ကြားဖြတ်တိုက်ခိုက်ခံရမှုများရှိသည့်အတွက် စစ်သုံးကားကြီးများအစား အိမ်သုံး မော်တော်ယာဉ် များဖြင့် လူအင်အား ပို့ဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

‎ရေကြည်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်များကို စစ်အင်အားပို့ဆောင်ရာ၌လည်း ဟင်္သာတမှ ကွင်းကောက်အထိတက်ကာ စာစီကုန်း၊ ဘဲ့ပြားကုန်းတို့ဖက်မှဝင်၍ လူအင်အားပို့ဆောင်နေပြီး ‎အမြောက်တပ် ၃၄၄၊ သီတာကုန်းပြင်နှင့် ပုသိမ်မြစ်ကြားတွင် အခြေကုပ်စခန်းများထပ်ယူပြီး အင်အား တိုးချဲ့ထားသည်။

‎စစ်‌ကော်မရှင်သည် ရေကြည်ရှိ ဒေသခံအများစုကိုလည်း AA ထောက်ပို့ဟုစွပ်စွဲကာ ပြီးခဲ့သည့် စက်တင်ဘာလမှစတင်၍ အဖမ်းအဆီးပိုမိုများလာပြီး ခေါက်ဆွဲခြောက်သယ်ယူမှုမှအစ စားသောက် ကုန် သယ်ယူမှုကို တင်းကျပ်လာကြောင်း သိရသည်။

‎ရေနံ့သာစစ်ဆေးရေးဂိတ်ဖြတ်သန်းမှုကိုလည်း တင်းကျပ်စွာ စစ်ဆေးတားမြစ်ထားပြီး လာဘ်ယူကာ ဖြတ်သန်းခွင့်ပေးသည့် စစ်အရာရှိများကို ဖမ်းဆီးအရေးယူ နေရာရွှေ့ပြောင်းသည်အထိ အပြင်း အထန်ကိုင်တွယ်နေသည်။ ‎AA ကလည်း လေးမျက်နှာနှင့် အင်္ဂပူအစပ်ရှိကျေးရွာများကို သိမ်းယူထားပြီး ရေကြည်ရှိ အမြောက်တပ်ကိုပါ စစ်ရေးအရ ခြိမ်းခြောက်ထားသည်။

‎စစ်ကော်မရှင်သည် ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တို့ကို စစ်အင်အားများ နေ့စဉ်နီးပါး ပို့ဆောင်နေပြီး လေယာဉ်၊ ဒရုန်းတို့နှင့် ကင်းထောက်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ-ဧရာ၀တီတိုင်း မအူပင်မြို့ပေါ်တွင် ဖြတ်သန်းသွားနေသော ကုန်ကားများကို စစ်ဆေးနေသည့် စစ်ကော်မရှင်တပ်(ပုံဟောင်း)