ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

 

စစ်ကော်မရှင်သည် နိုင်ငံခြားထုတ်ကုန်များ တင်သွင်းမှုကို တင်းကျပ်စွာ ပိတ်ပင်ခြင်းဖြင့် မြန်မာ ကျပ်ငွေတန်ဖိုးကို မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း မြန်မာ့စီးပွားရေးလေ့လာသူများထံမှ သိရသည်။

 

ယင်းလုပ်ဆောင်မှုသည် ကုန်သွယ်မှုပိုငွေ (Trade Surplus) ပြရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း ပြည်သူများ၏ စားဝတ်နေရေးနှင့် နေ့စဉ်သုံးကုန်ပစ္စည်း လိုအပ်ချက်များကို ကြီးမားစွာ ထိခိုက် စေသည်ဟု စီးပွားရေး လေ့လာနေသူများထံမှ သိရသည်။

 

စစ်တပ် အာဏာသိမ်းပြီးနောက် လိုအပ်သော ဘဏ္ဍာငွေအတွက် ကျပ်ငွေများ ရိုက်ထုတ်ခဲ့ပြီး ယခုအခါတွင် စီးပွားရေးအတွင်း ပိုလျှံနေသော ကျပ်ငွေများကို ပြန်သိမ်းရန် ပြင်ဆင်နေကြောင်း စီးပွားရေးလေ့လာသူများက ဆိုသည်။

” ပြည်သူကို အငတ်ထားပြီး ကျပ်ငွေကို ပြန်တင်ဖို့ လုပ်နေတာတော့ ဟုတ်တယ်။ အရင်တုန်းက ကွန်မြူနစ်နိုင်ငံတွေမှာ အများဆုံး လုပ်ဖူးတယ်။ သွင်းကုန်တွေကို အကုန်ပိတ်ချပြီး ထုတ်ကုန်တွေကို မြှင့်ထားရင် ကုန်သွယ်ရေး ပိုငွေ ပြတယ်။ အဲ့ဒီကနေ ငွေတန်ဖိုးကို တက်အောင်လုပ်တာ ” ဟု စီးပွားရေး သုတေသနပြုသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် သွင်းကုန်များကို လိုင်စင်ချမပေးခြင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်သွင်းလာသည့်ကုန်ပစ္စည်းများကို တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရေး မိုဘိုင်းအဖွဲ့များဖြင့် တင်းကျပ်စွာဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးသည် သွင်းကုန်အပေါ်မှီခိုနေရပြီး ကုန်သွယ်မှုလိုငွေ အမြဲလိုနေတတ် သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကုန်သွယ်မှုပမာဏအတက်အကျရှိလာကြောင်း ကမ္ဘာ့ဘဏ် (World Bank )၏ မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၀-၂၁ နှစ်ဝက်တွင် လိုငွေအနည်းဆုံးဖြစ်ခဲ့ပြီး ၂၀၂၃-၂၄ နှစ်ဝက်မှာ လိုငွေ အနည်းငယ်လျော့ကျခဲ့ပြီး ၂၀၂၄-၂၅ နှစ်ဝက်တွင် ကုန်သွယ်မှု ပိုငွေ (Trade surplus) အနည်းငယ်ပြနေကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။

 

သို့သော်လည်း ပို့ကုန်ကွန်တိန်နာ အရေအတွက်သည် သွင်းကုန်ကွန်တိန်နာ အရေအတွက်ထက် နည်းပါးနေဆဲဖြစ်ပြီး စစ်အာဏာ မသိမ်းမီကာလ၏ အမြင့်ဆုံးပမာဏကို ယခုအချိန်ထိ ပြန်လည် မရောက်ရှိသေးသောကြောင့် မြန်မာ့စီးပွားရေး ဝင်ထွက်မှုသည် ဆက်လက်အားနည်းနေကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ သိရသည်။

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းအာဏာသိမ်းထားသည့် ငါးနှစ်အတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာနှစ်ဘီလီယံ ရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ပြည်ပမှ တင်သွင်းလာသည့် လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများအပါအဝင် လုပ်ငန်းသုံးပစ္စည်းများစွာကို တရားမဝင်ကုန်စည်များအဖြစ် အင်တိုက်အားတိုက်ဖမ်းဆီးလျက်ရှိသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ World Bank