နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၈ ရက်

 

အာဏာသိမ်း စစ်ကောင်မရှင်၏ တရားဝင်မှုမရှိသော ရွေးကောက်ပွဲတွင် ၎င်းတို့ အသိအမှတ် ပြုထားသည့် နိုင်ငံရေးပါတီအချို့က ပြည်သူများအား မဲပေးရန် နည်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက် နေသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းများကိုမူ ယနေ့ထိတိုင် ထုတ်ပြန် ထားခြင်း မရှိသေးကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် နိုင်ငံရေး ထွက်ပေါက်ရရန်အတွက် ၎င်းတို့ကြိုးကိုင်ထားသော ကြံ့ခိုင်ရေးပါတီ အစိုးရဖြစ်စေရေး ပုံဖော်နေခြင်းဖြစ်၍ စစ်ကော်မရှင်၏ရွေးကောက်ပွဲကို ပြည်သူနှင့် နိုင်ငံတကာမှ လက်ခံခြင်းမရှိဘဲ ကန့်ကွက်နေသလို နယ်မြေလုံခြုံရေး အကြောင်းပြ ပွင့်လင်းမြင်သာမှု ရှိမနေကြောင်း စောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

 

 

နိုင်ငံတစ်ဝန်း ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန်အတွက် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများကို ဖြေလျော့မှုများ ထပ်တလဲလဲ ပြင်ဆင်လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိတွင် စိစစ်‌ဆဲဟုဆိုကာ ကိုယ်စားလှယ်လောင်း အရေအတွက်ကိုသာ ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

“UEC ကို စစ်ကော်မရှင်က ကြိုးကိုင်ချယ်လှယ်ထားပြီးတော့ UEC က စစ်ကော်မရှင် ရုပ်သေးရုပ် ဖြစ်နေ တာ ထင်ရှားနေတယ်လေ။ လုံးဝလုံးဝ ပွင့်လင်းမြင်သာမှုမရှိတဲ့ အတုအယောင် တရားမဲ့ ရွေးကောက်ပွဲ ပဲ” ဟု ယခင် ၂၀၂၀ ခုနှစ် နေပြည်တော်၊ ဇေယျာသီရိမြို့၏ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပိုင်းလိုက်ခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားသလို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကနဦး ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်မည်ဖြစ်ရာ ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလတို့ပါဝင်ကြောင်း သိရသည်။

 

သို့သော် မည်သည့်နေရာ၌ မည်သူဝင်ပြိုင်ကြမည်ကို စစ်ကော်မရှင်နှင့် ထိုပါတီများက အတိအလင်း ထုတ်ပြန်ခြင်း မရှိသေးပေ။ ကြံ့ခိုင်ရေးအပါအဝင် လူပုဂ္ဂိုလ်အချို့ကသာ ၎င်းတို့၏ လူမှုကွန်ရက်၊ နီးစပ်ရာနှင့် မီဒီယာအချို့တွင် ထုတ်ဖော်ပြောဆိုကာ မဲဆွယ်စည်းရုံး၍ ဖိအားပေး ခြိမ်းခြောက် နေကြောင်း သိရသည်။

 

“လျှို့ဝှက်စာရင်းနဲ့ တပ်ထဲကနေ စစ်ဗိုလ်တွေ ကြံ့ခိုင်ရေးပါတီထဲကိုပို့ အဲဒါတွေကြားနေရတော့ မစစ်မှန်တဲ့ ရွေးကောက်ပွဲလို့ သိသာနေပြီ။ အမှန်တိုင်းပြောရရင် စိတ်ကိုမဝင်စားဘူး။ အချိန်တန်ရင် မင်းအောင်လှိုင်ပို့တဲ့လူပဲ ကိုယ်စားလှယ်ဖြစ်မှာ” ဟု ရန်ကုန်တိုင်း၊ သန်လျင်မြို့နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လာမည့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလတို့က လွှတ်တော်ကိုယ်စား လှယ်လောင်း ၄,၉၆၃ ဦး အမည်စာရင်း တင်သွင်းထားပြီး ကြံ့ခိုင်ရေးပါတီသည် ၁,၀၁၈ ဦးဖြင့် အများဆုံးဖြစ်‌နေကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကော်မရှင်၏ UEC က နိုင်ငံရေးပါတီများ ကိုယ်စားလှယ်လောင်း ရရှိရန် ခက်ခဲနေသောကြောင့် ရက်တိုးပေးခဲ့ပြီးနောက် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အများဆုံးဖြင့် ထွက်ရှိ လာခြင်းဖြစ်ကာ ပြီးခဲ့သော အောက်တိုဘာ ၄ ရက်နေ့အထိ စိစစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ထို့အပြင် ၎င်းတို့၏ ရွေးကောက်ပွဲ ဥပဒေအပါအဝင် စသည်တို့ဖြင့် ပြည်သူများကို အမှုဖွင့်ဖမ်းဆီး‌ ခြိမ်းခြောက်နေပြီး တိကျမှန်ကန်မှုမရှိသော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အခြေခံမဲစာရင်းအား လာကြည့်စစ်ဆေးရန် ကြေညာနေကာ ပြည်သူများ စိတ်ဝင်စားမှုမရှိဘဲ မဲစာရင်း မှားယွင်းနေကြောင်း သိရသည်။

 

ဓာတ်ပုံ- MOI, USDP