‎‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၈ ရက်

‎‎ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်၍ အုပ်ချုပ်ရေးပိုင်းမှ အရာရှိနှင့် ဝန်ထမ်းများကို မြို့တွင်းရုံး ထိုင်ခိုင်းရာ အရာရှိနှင်အဖွဲ့များ တိုက်ပွဲကြောင့် ပြန်လည်ထွက်ပြေးသွားကြကြောင်း သိရသည်။

‎‎ဗန်းမော်မြို့ကိုသိမ်းနိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများပါစတင်နိုင်ပြီဟု ဝါဒဖြန့်ခဲ့သည့် စစ်ကော်မရှင်က စစ်‌ရေယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများအပြင် ဗန်းမော်တိုက်ပွဲမှထွက်ပြေးလာသည့် အုပ်ချုပ်ရေး အဖွဲ့များကိုပါ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။

‎‎”မြို့တွင်းအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဆိုတာပြဖို့ အဖွဲ့လိုက်ပြန်ခေါ်လာတယ်။ ဒီရောက်တော့ တိုက်ပွဲအခြေအနေကြောင့် အစုလိုက်ပြေးကုန်လို့ စစ်တပ်ကပြန်လိုက်ဖမ်းနေတယ်လို့ သိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎‎ပြီးခဲ့သည့် ဩဂုတ်လက ဗန်းမော်သို့ ဂေါဝိန်ဆိပ်မှလာ‌ရောက် ဆိုက်ကပ်သည့် စစ်ရေယာဉ်အုပ်စုတွင် လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများရောက်လာပြီးနောက် ဗန်းမော်တိုက်ပွဲမှာ စစ်ကော်မရှင်က စစ်ရေးအရ အရေးသာလာကြောင်းတွေ့ရသည်။

‎‎စစ်ကော်မရှင်သည် ခလရ ၂၃၆၊ အမြောက်တပ်ရင်း အမတ၃၆၆၊ တင့်ကားတပ်ရင်း ၅၀၁၄နှင့် လေယာဉ်ကွင်းတို့ကို ပြန်လည် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်နေ့တွင် ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ဖော်ပြခဲ့သည်။

‎သို့သော်လည်း တိုက်ပွဲများရှိနေသည့် ဗန်းမော်မြို့တွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနများကို အတင်းအကျပ်ဖွင့်လှစ်ခိုင်းသည့်အတွက် အရာရှိနှင့်အဖွဲ့များ ပြန်လည်ထွက်ပြေးကြ၍ ‎ထွက်ပြေးသူများကို လက်ရပြန်လည်ဖမ်းဆီးကာ ကျပ်ကျပ်မတ်မတ် စစ်ဆေးရန်လည်း ညွှန်ကြားချက်ရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎စစ်ရေယာဉ်နှင့်ပါလာသည့် လူအင်အားနှင့် ထောက်ပို့လက်နက်များကြောင့် စစ်ရေးအပြောင်းအလဲ တစ်ခုဖြစ်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် ခလရ ၄၇ တပ်ရင်းအနောက်ဘက် ကာကင်းစခန်းနှင့် ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြန်လည် ထိန်းချုပ်ထားခဲ့သည်။

‎စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဆုံးရှုံးသွားသော စခန်းကုန်းများကိုစွန့်ခွာ၍ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

(စကခ-၂၁) နှင့် ချိတ်ဆက်ကာ စကခ အတွင်းသို့ ဆုတ်ပြေးကြရကြောင်း သိရသည်။

‎‎စစ်ကော်မရှင်က ဗျူဟာမြောက်သည့် နေရာ သုံးခုထက်မနည်းကို စစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်း ထိုးနေပြီး KIA ဘက်ကလည်း ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် တန်ပြန်ထိုးစစ်များလုပ်ဆောင်နေ၍ ဗန်းမော်တိုက်ပွဲမှာ ပြင်းထန်နေသည်ဟု သတင်းရင်းမြစ်များကဆိုသည်။

‎‎စစ်ကော်မရှင်သည် ယခုအခါတွင် ရွှေကူအခြေစိုက်ခြေကုပ်စခန်းများကိုလည်း ခံစစ်အနေအထားမှ တိုက်စစ်ဖော်ဆောင်နိုင်သည်အထိ အင်အားဖြည့် ထိုးစစ်ဆင်နိုင်ရန် လုပ်ဆောင်မှုများရှိကြောင်း သိရသည်။