
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ် ဗုံတိုရွာတွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ၊ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲကျင်းပနေစဉ် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးများအပါအဝင် သေဆုံးသူ ၄၀ ကျော်လာ ပြီဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။
သီတင်းကျွတ်လပြည့် မီးထွန်းပွဲပြုလုပ်နေစဉ် စစ်ကော်မရှင်က စက်တပ်လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အလောင်းကောက်နေချိန်တွင် ထပ်မံ၍ ဗုံးကြဲချသည့်အတွက် အခင်းဖြစ်ပွားရာတွင် လူ ၄၀ ကျော်သေဆုံးသည့်အပြင် ၆၀ ကျော် ခြေပြတ် လက်ပြတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ပထမအကြိမ်ကြဲချချိန် နေရာတင်သေဆုံးက ၄၀ ကျော်လောက်ရှိတယ်။ ရဲဘော်နဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတယ်။ ပြည်သူသေဆုံးမှုက များပါတယ်။ ဒဏ်ရာရကတော့ အပြင်းအထန် ဒဏ်ရာရသူ ၆၀ ကျော်ရှိတယ်လို့ သိရတယ်”ဟု ချောင်းဦးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် ဆီမီးထွန်းနေသည့် လူအုပ် အတွင်းသို့ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ထိုသို့ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ညတွင်းချင်း နေရာတွင် သေဆုံးသူ ၃၀ ကျော်၏ အလောင်းကို ကောက် ယူရရှိခဲ့ပြီး ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသူ အရေအတွက် ထပ်မံတိုးလာခြင်းဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲကျင်းပနေစဉ်နှင့် စစ်ကော်မရှင်က ဗုံးကြဲပြီးနောက် တွေ့ရစဉ်။