ဧရာဝတီတိုင်းမ်
(ထိုင်း)၊ အောက်တိုဘာ ၇ ရက်

 

ထိုင်းနိုင်ငံတွင် စီးပွားရေးကျဆင်းမှုများကြောင့် အလုပ်ရုံအများစုမှ လုပ်သားဦးရေလျော့ချခြင်းများ ပြုလုပ်နေပြီး ပြီးခဲ့သည့်တစ်ပတ်တာအတွင်း အလုပ်ထုတ်ခံရသည့် စက်ရုံ၊ အလုပ်ရုံ ရှစ် ရုံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၃,၀၀၀ ကျော်ကို အကူညီပေးမှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမားကူညီရေးအဖွဲ့ Myanmar Humanitarian Action Centre (MHAC) ထံမှ သိရသည်။

 

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ဖစ်ဘူရီခရိုင်ရှိ CD စက်ရုံမှ အလုပ်သမား ၁,၄၅၀ ဦး အလုပ် ဖြုတ်ခံခဲ့ရပြီး ပြီးခဲ့သည့်ရက်သတ္တပတ်နှင့် ယခုရက်သတ္တပတ်အတွင်း လုပ်သား လျော့ချသည့် စက်ရုံ အလုပ်ရုံပေါင်း ၁၀ ခုကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စီးပွားရေအခြေအနေများကြောင့် လုပ်သားလျော့ချသည့် ဖြစ်စဉ်များမှာ ထိုင်းနိုင်ငံ အနှံ့အပြားတွင်ဖြစ်ပွားနေပြီး MHAC အဖွဲ့မှ အလုပ်ဖြုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ ကျော်ကို အလုပ်ရှင်နှင့် ညှိုနှိုင်းပေးကာ ရသင့်သည့်အခွင့်အရေးများ ရရှိနိုင်ရန် အကူအညီများပေးခဲ့ခြင်း ဖြစ်သည်။

 

“လုပ်ငန်းခွင်တွေကနေဘာလို့ အစုလိုက်အပြုံလိုက်အလုပ်ပြုတ်လာလဲဆို လက်ရှိထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်တွေတွင်းမှာ ထိုင်းက တရုတ်နိုင်ငံသားတွေ လုပ်ငန်းရှင်တွေကို တော်တော်လေးကိုလက်ခံ လိုက်တယ်။ အဲ့လုပ်ငန်းရှင်တွေက ထိုင်းတွေနဲ့နာမည်ခံပြီးတော တရုတ်စက်ရုံတွေလုပ်ကြတယ်။ အများကြီးပဲ။ အမေရိကန်ကလည်း သူ့ရဲ့ ပေါ်လစီအရ ထရမ့်တက်လာတော့ ထိုင်းက တရုတ်လုပ်ငန်းတွေ များလာတယ်။ တရုတ်လုပ်ငန်းတွေပဲဆိုပြီး အခွန်တိုးမြှင့်ကောက် ခံတာတွေနဲ့အတူ စီးပွားရေးကကျလာတယ်။ အဲ့တာတွေရဲ့နောက် ဆက်တွဲက အလုပ်ရုံတွေမှာ အစုလိုက်အပြုံလိုက် အလုပ်လျော့တာတွေ လုပ်လာကြတယ်” ဟု အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လက်ရှိတွင် အလုပ်ရှင်များမှ အလုပ်သမားကို အလုပ်ဖြုတ်ရာတွင် သက်တမ်းရင့် အလုပ်သမား များကိုသာမက အလုပ်ဝင်ကာစအလုပ်သမားများကိုပါ အလုပ်ဖြုတ်ခြင်းများရှိနေသည့်အတွက် အလုပ်သမား ဥပဒေအရရရှိနိုင်မည့် အကျိုးခံစားခွင့်များအတွက်လည်း အခက်အခဲများကြုံတွေ့ နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်အောက်တိုဘာ ၃ ရက်နေ့ကလည်း ချာချင်ဆောင်ခရိုင်ရှိ အလုပ်ရုံတစ်ခုမှ အလုပ်သမား ၃၂၀ ကျော်မှာ အလုပ်ဖြုတ်ခံခဲ့ရပြီး MHAC အဖွဲ့မှလိုအပ်သည့် ကူညီမှုများ ပြုလုပ်ပေးခဲ့ရာ လက်ရှိတွင် လျော် ကြေးငွေ ဘတ် သုံးသန်း (၃,၀၀၀,၀၀၀) ရရှိထားပြီဖြစ်ကြောင်းလည်း သိရသည်။

 

“အခုလိုအစုလိုက်အပြုံလိုက် အလုပ်ထုတ်မှုဖြစ်စဉ်တွေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ထိုင်းနိုင်ငံမှာ ကြီးကြီးကျယ်ကျယ်ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းကလည်း အလုပ်သမားတွေသောင်းနဲ့ချီပြီ အလုပ်ပြုတ် ခဲ့ဖူးတယ်။ အခုလည်း အဲ့ဒီလိုဖြစ်စဉ်တွေလိုအစပျိုးနေတဲ့ပုံရိပ်တွေကို ကျွန်တော့်ရဲ့ အလုပ်သမားရေး အတွေ့အကြုံအရမြင်တယ်”ဟု ကိုရဲမင်းက ဆက်လက်ပြောကြားသည်။

 

ထိုင်းနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုများကြောင့် အလုပ်သမားများလျော့ချခြင်းခံနေရသော်လည်း မြန်မာနိုင်ငံသားများမှာ စစ်ကော်မရှင်၏ စစ်မှုထမ်တပ်သားသစ်စုဆောင်းမှုနှင့် စီးပွားရေးကျဆင်းမှု‌ များကြောင့် ထိုင်းနိုင်ငံသို့နေ့စဉ် တရားမဝင်ဝင်ရောက်မှုများရှိနေပြီး ဖမ်းဆီးခံရမှုများလည်း နေ့စဉ်နီးပါးရှိနေကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာဘက်မှ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉၀ ဦးကျော် ဖမ်းဆီးခဲ့ခဲ့ရကြောင်း ထိုင်းသတင်း မီဒီယာများထံမှ သိရသည်။

 

ပုံစာ – ထိုင်းအလုပ်ရုံများမှအလုပ်ထုတ်ခံခဲ့ရသည့်မြန်မာလုပ်သားများ။