ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၇ ရက်

 

အီတလီနိုင်ငံ၊ အီတလီအမျိုးသားလွှတ်တော်တွင် ကျင်းပသည့် အစည်းအဝေးတစ်ခုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်း သည် လွှတ်တော်ဥက္ကဋ္ဌ အီညာဇီယို လာရူစ်ဆာ (Ignazio La Russa) နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

 

လွှတ်တော်ဥက္ကဋ္ဌ အီညာဇီယိုလာ ရူစ်ဆာက အီတလီအမျိုးသားလွှတ်တော်ကျင်းပနေချိန်တွင် ကိုထိန်လင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်ကြောင်းမိတ်ဆက်ပေးခဲ့ပြီး လွှတ်တော် တက်ရောက်နေသည့် လက်ဝဲ၊လက်ယာ နိုင်ငံရေးအဖွဲ့များက မတ်တပ်ရပ်၍ လက်ခုပ်ဩဘာ ပေးခဲ့ကြောင်း ကိုထိန်လင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

” အဲဒီအချိန်လေးဟာ နိုင်ငံရေးအမြင်ကွဲပြားမှုများကျော်လွန်ပြီး နှစ်ဖက်အတူတကွ ဂုဏ်ပြုလိုက်တဲ့ အဓိပ္ပာယ်အပြည့်ရှိတဲ့ အခိုက်အတန့်ပါဘဲ။ မေမေ့ လွတ်မြောက် ရေးနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးဟာ နိုင်ငံရေး ထက်ကျော်လွန်တယ်ဆိုတာ ပြသလိုက်ခြင်းဖြစ်ပါတယ် ” ဟု ကိုထိန်လင်းက ဆိုသည်။

 

ထို့ပြင် ကိုထိန်လင်းသည် နိုင်ငံခြားရေးအထူးကော်မတီဥက္ကဌ Senator ပီယာ ဖာဒီနန်ဒို ကာစီနီ (Pier Ferdinando Casini) နှင့်တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူများ၏ လွတ်လပ်ရေးနှင့် တရားမျှတမှုရရှိရေး တို့အတွက် ပံပိုးကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

ကိုထိန်လင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သူ၏မိခင်ဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် စစ်ကော်မရှင်နှင့်အထူးဆက်ဆံရေးရှိသူ တရုတ်နိုင်ငံ ထံ အကူအညီပေးရန်တောင်းဆိုထားသည်။

 

ထိုသို့အကူအညီတောင်းခံမ၍အပေါ် တရုတ်နိုင်ငံက ကူညီပေးနိုင်မည့်အနေအထားရှိနေပြီး မေမေနှင့် နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်မှုအပါအဝင် သင့်မြတ်ပေါင်းစည်းမှုနှင့် တည်ငြိမ်ရေး အတွက်အရေးကြီးဆုံး ပထမခြေလှမ်း ဖြစ်ကြောင်းရေးသားထားသည်။

 

ယခုနှစ်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်သားငယ် ကိုထိန်လင်းသည် မိခင်ကျန်းမာရေးအပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် နိုင်ငံတကာရှိအဖွဲ့အစည်းအများအပြားနှင့် တွေ့ဆုံ မှုများစွာပြုလုပ်ခဲ့သည်။

 

ဓာတ်ပုံ – Kim Aris လူမှုကွန်ရက်