
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် သေဆုံးထိခိုက်သူများပြားကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၆ ရက် ည ၈နာရီ၃၀မိနစ်ခန့်တွင် သီတင်းကျွတ်လပြည့် မီးထွန်းပွဲပြုလုပ်နေသည့် မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ဗုံတိုရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“လပြည့်ည ဆီးမီးထွန်း၊ မီးပုံးပျံတွေလုပ်နေကြချိန်မှာ လာကြဲသွားတာ။ အား လုံးထိတာဆိုရင် ၃၀ ၊ ၄၀ နီးပါးကိုရှိတယ်။ ကလေးငယ်တွေ အမျိုးသမီးတွေ သေဆုံးတာများတယ်။ ထိခိုက်သူတွေလည်း များတာပေါ့ဗျာ။ လောလောဆယ် အလောင်းရှာဖွေလို့ရတာ ၁၃ လောင်းကျော်ရှိပြီ” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းမ်သတင်းဌာနမှ ရရှိထားသည့် ဓာတ်ပုံများထဲတွင် ကလေးငယ်များ ဗိုက်ပေါက်ထွက်ရုပ်အလောင်းများနှင့် ကိုယ်တစ်ပိုင်းပြတ်ထွက်၍ သေဆုံးနေသည့် ကလေးငယ်ရုပ်အလောင်းများအပြင် မိသားစုလိုက်သေဆုံးသွားသူ၏ သွေးစွန်းပေနေသည့် ဖုန်းတစ်လုံးကိုလည်း တွေ့ရှိထားသည်။