ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၆ ရက်

 

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ်(၅) ရပ်ကွက် ဘူတာဈေးအနီး ၀ဏ္ဏသိင်္ဂလမ်းတွင် အောက်တိုဘာ ၅ရက်နေ့ည ၁၀နာရီခန့်တွင် နဒီဧရာ အရက်ဖြူဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်​နှင့် ဈေးဆိုင် ခုနှစ်ခန်းပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

နဒီဧရာ အရက်ဆိုင်တွင် အရက်အဆီထည့်ထားသည့် ပုံးပေါ်တွင် ဖယောင်းတိုင် တင်ထွန်းခဲ့ရမှ စတင်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရသိရသည်။

“ညအချိန်မတော်ကြီးထလောင်တာ အရက်ဆီကထလောင်တော့ လူတွေတောင်မနည်းလွတ်အောင်ပြေးရတယ်။ ဘာပစ္စည်းမှယူချိန်မရလိုက်ဘူး”ဟု မီးဘေးသင့် ခံရသူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

 

မီးလောင်ကျွမ်းမှု​ကို မီးသတ်နှင့်ဒေသခံများ တစ်နာရီကျော်ကြာငြိမ်းသတ်ခဲ့ရပြီး ဆိုင်ခန်းငါးခန်းနှင့်လူနေအခန်း နှစ်ခန်း မီးလောင်ပျက်စီးသွားကြောင်း မီးသတ်တပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

 

လက်ရှိတွင် မီးစတင်​လောင်ကျွမ်းခဲ့သော နဒီဧရာအရက်ဆိုင်ပိုင်ရှင် ဦးအောင်မျိုးထက်ကို ပုသိမ်နယ်မြေ ရဲစခန်းမှ ပုဒ်မ (၂၈၅)၊ ပ – ၁၁၂ /၂၀၂၅ ဖြင့် အမှုဖွင့်ထားကြောင်းသိရှိရသည်။