
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ အောက်တိုဘာ ၅ ရက်)
ကျန်းမာရေးဆိုတာ အသက်နဲ့ရင်းရတာမို့ ကျင့်ဝတ်သိက္ခာဟာ အရေးကြီးပါတယ်။ ကျန်းမာရေး နယ်ပယ်ဆိုတာ လူသားတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိတွေ့နေရတာမို့ တခြားပညာရပ် တွေထက် ပိုပြီး ကျင့်ဝတ်သိက္ခာ စောင့်ထိန်းဖို့ လိုအပ်တယ်။
ဆရာဝန်ကျင့်ဝတ် (Medical Ethics) ဆိုတာက ဆရာဝန်တစ်ယောက်အနေနဲ့ လူနာ၊ လုပ်ဖော်ကိုင်ဖက်၊ လူ့အဖွဲ့အစည်းနဲ့ ဆက်ဆံရာမှာ မဖြစ်မနေ လိုက်နာရမယ့် ကိုယ်ကျင့်တရား စံနှုန်းတွေပဲ ဖြစ်ပါတယ်။ ဒီကျင့်ဝတ်တွေက ဆရာဝန်နဲ့ လူနာနှစ်ဦးကြား ယုံကြည်မှုကို ခိုင်မာစေပြီး၊ ခက်ခဲတဲ့ ဆေးကုသမှု ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အုတ်မြစ်လို့ ဆိုနိုင်ပါတယ်။
ရှေးခေတ်က Hippocratic Oath (ဟစ်ပိုကရေးတစ် ကျမ်းသစ္စာ) ကနေ စတင်ခဲ့တဲ့ ဒီကျင့်ဝတ်တွေဟာ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာခဲ့ပြီး ယနေ့ခေတ်မှာတော့ အဓိက ကျင့်ဝတ် လေးရပ်ကို အလေးထား လိုက်နာကြရပါတယ်။ဆရာဝန်ကျင့်ဝတ် အဓိက လေးရပ်
၁။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လေးစားခြင်း (Autonomy)
လူနာတိုင်းက ကိုယ့်ကျန်းမာရေးပြဿနာ၊ ကိုယ့်ရောဂါကို နားလည်ပိုင်ခွင့်ရှိတယ်။ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုကုသမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။
ဒါကြောင့် ဆရာဝန်တွေက ရောဂါအကြောင်းအရာ၊ ကုထုံးတွေ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ တခြား ရွေးချယ်စရာတွေကို ပြည့်ပြည့်စုံစုံ၊ ရှင်းရှင်းလင်းလင်း ရှင်းပြရပါမယ်။ အားလုံးကို သဘောပေါက်ပြီးမှ လူနာက လွတ်လပ်စွာ ဆုံးဖြတ်ချက်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကို အသိပေးသဘောတူညီချက်ရယူခြင်း (Informed Consent) လို့ ခေါ်ပါတယ်။ လူနာက ကုသမှုကို ငြင်း ဆန်ခဲ့ရင်လည်း ဆရာဝန်က အဲဒီဆုံးဖြတ်ချက်ကို လေးစားရပါမယ်။
သို့သော် သတိထားစရာ ကမ္ဘာ့ကပ်ရောဂါ (သို့မဟုတ်) ကူးစက်မြန်ရောဂါတွေမှာတော့ လူနာအနေနဲ့ တခြားသူတွေကို ရောဂါမကူးစေဖို့ အထူးစည်း မျဉ်းဥပဒေ တွေကိုတော့ အထူးလိုက်နာပြီး ပူးပေါင်း ပါဝင်ရမှာဖြစ်ပါတယ်။
ကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်တဲ့ ကလေးငယ်တွေ၊ စိတ်ရူးသွပ်နေသူတွေ၊ သတိလစ်နေသူတွေ အတွက်ဆိုရင် မိဘ/အုပ်ထိန်းသူ ဒါမှမဟုတ် ဆရာဝန်ကဖြစ်စေ၊ ဆေးပညာစုပေါင်းကုသပေမယ့် အရေးပေါ်ကုသမှုအုပ်စုမှ ဖြစ်စေယာယီဆုံးဖြတ်ပေးနိုင်ပါတယ်။၂။ လူနာကို အကျိုးဖြစ်ထွန်းစေခြင်း (Beneficence)
ဒီကျင့်ဝတ်က လူနာအတွက် အကောင်းဆုံးဖြစ်စေရန် နှင့် တကယ့်လက်တွေ့မှာလည်း လူနာအကျိုးရှိတဲ့ ကုသမှုခံယူနိုင်ခြင်းဖြစ်ပါတယ်။ အလွယ်ဆုံးပြောရရင်တော့ “လူနာကို အကောင်းဆုံး ကုသပါ” ဆိုတဲ့ ဆရာဝန်တစ်ဦးရဲ့ အဓိကတာဝန်ပဲဖြစ်ပါတယ်။
ဆရာဝန်တစ်ယောက်ဟာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနဲ့ စေတနာတွေသုံးပြီး လူနာရဲ့ ကျန်းမာရေးကို တိုးတက်စေဖို့၊ ဝေဒနာကို သက်သာစေဖို့နဲ့ အသက်ကို ကယ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ကုသတဲ့ကုထုံးမှန်သမျှက လူနာကို တကယ်အကျိုးရှိပါစေ လို့ဆိုလိုတယ်။ နာမည်ကြီးတာ၊ ငွေကြေးချမ်းသာတာလို ကိစ္စတွေက ဦးစားပေးမဟုတ်ဘဲ လူနာအကျိုးရှိရေးကသာ နံပါတ်တစ် ဦးစားပေးဖြစ်တယ်ဆိုတာ ဒီကျင့်ဝတ်က ပါရှိပြီး သင်ယူရပါတယ်။၃။ မနစ်နာ မထိခိုက်ရန် စောင့်ထိန်းခြင်း (Non-Maleficence)
“လူနာကို ဘယ်လိုအန္တရာယ်ရှိတဲ့ ကိစ္စမျိုးမှ မပြုလုပ်ရ” ဆိုတာ ဒီကျင့်ဝတ်ရဲ့ အရေးအကြီးဆုံး အချက်ပဲ။
တစ်ခါတလေ ကုသမှုက အကျိုးရှိစေနိုင်ပေမဲ့ တစ်ချိန်တည်းမှာ အန္တရာယ်လည်း ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဆရာဝန်က ကုသမှုရဲ့ အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာ ချိန်ဆပြီးမှ အန္တရာယ်အနည်းဆုံး၊ အကျိုးအများဆုံး ဖြစ်စေမယ့် နည်းလမ်းကို ရွေးချယ်ရတယ်။
တချို့သောဆရာဝန်တွေက ငွေကြေးတစ်ခုတည်းကိုပဲ ကြည့်ပြီး မလုပ်သင့် မလုပ်ထိုက်တဲ့ အန္တရာယ်ရှိ ကုထုံးတွေကို လူနာတွေကို လုပ်ခိုင်းတာဟာ ကျင့်ဝတ်ဖောက်ဖျက်တာ ဖြစ်ပါတယ်။ မကြာခဏ ဆိုသလို မီဒီယာမှာ မျက်ရည်အိတ်ထုတ်ခြင်း၊ မျက်ရစ်ဖော်ခြင်း ကိစ္စတွေကို ကျွမ်းကျင်မှုမရှိ လေ့ကျင့်ထားခြင်းမရှိသူများမှ ပြုလုပ်နေခြင်းဟာ ကိုယ်ကျင့်သိက္ခာနဲ့ကျင့်ဝတ်မရှိဘဲ ရာဇဝတ်မှုတွေကို ကျူးလွန်နေခြင်းပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အင်္ဂါထဲသို့ ပိုးမသန့်စင်ထားတဲ့ ပစ္စည်းတွေထိုးထည့်ပြီး သန္ဓေသား မတည် မြဲဖို့အရေး ပြုကျင့်နေကြသူတွေကလည်း ကျင့် ဝတ်ဖောက်ဖျက်ပြီး ရာဇဝတ်မှုတွေကို ကျူးလွန် နေကြခြင်းပဲဖြစ်ပါတယ်။ ကာလကြာရှည် နေထိုင်မကောင်းဖြစ်ရခြင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်း အသက်ဆုံးရှုံးရခြင်း စသဖြင့်ဆုံးရှုံးမှုတွေပေါ်မူတည်ပြီးတော့ နစ်နာသွားသူမှာ လူနာအတွက် တရား မျှတမှုကိုပြန်ရှာပေးရမှာဖြစ်ပါတယ်။
အဲ့သည်လို ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို ဒီကျင့်ဝတ်က ရှုတ်ချထားပြီး နစ်နာသူ လူနာအတွက် တရားမျှတမှု ပြန်ရှာပေးဖို့နဲ့ နောက်ထပ် မဖြစ်အောင် ကာကွယ်ဖို့ တာဝန်ရှိပါတယ်။၄။ တရားမျှတမှုရှိခြင်း (Justice)
ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့အခါ တရားမျှတမှု ရှိရမယ်။
လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ၊ လူမှုရေးအဆင့်အတန်း၊ ရာထူးတွေကို ခွဲခြားခြင်းမပြုဘဲ လူနာတိုင်းကို တန်းတူညီမျှတဲ့ စောင့်ရှောက်မှု ပေးရပါမယ်။ အထူးသဖြင့် ဆေးဝါးနဲ့ ကျန်းမာရေး အရင်းအမြစ်တွေ ရှားပါးလာတဲ့အခါမှာ အရေးပေါ် အခြေအနေအရ ဦးစားပေးကုသရမယ့်သူ ကို မနစ်နာစေဖို့ တရားမျှတစွာ စီမံခန့်ခွဲ စဉ်းစားရတယ်။ အရေးပေါ်ဆေးပညာမှာတော့ Triage ထရိယ လူနာရောဂါ အဆင့်တန်းခွဲပြီး မျှတကောင်းမွန်တဲ့စနစ်နဲ့ကုသနေပြီဖြစ်ပါတယ်။
VIP ဆိုတာ လူနာမှာ မရှိသင့်ပါဘူး။ အားလုံးက လူသားတွေဖြစ်ကြတာကြောင့် တန်းတူညီမျှတဲ့ ကုသမှုခံယူပိုင်ခွင့် လူ့အခွင့်အရေး ပေးနိုင်ဖို့အတွက် ဆရာဝန်တွေအနေနဲ့ စောင့်ထိန်းရတဲ့ ကျင့်ဝတ် တွေပဲဖြစ်ပါတယ်။
အဓိက လေးချက်အပြင် ဆရာဝန်ကောင်းတစ်ယောက်အနေနဲ့ နောက်ထပ်အရေးပါတဲ့ ဆရာဝန် ကျင့်ဝတ်တွေကိုလည်း မေ့ထားလို့ မရပါဘူး။သတင်းအချက်အလက် လျှို့ဝှက်ထိန်းသိမ်းခြင်း (Confidentiality)
လူနာရဲ့ ရောဂါအခြေအနေ၊ မှတ်တမ်းနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လူနာခွင့် ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ မပြောရဘူး။ ဒါက ဆရာဝန်-လူနာကြားမှာရှိတဲ့ ယုံကြည်မှုရဲ့ သော့ချက်ပဲ။စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်ခြင်း (Competence)
ဆရာဝန်တွေဟာ ဆေးပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတကို အမြဲမပြတ် လေ့လာဆည်းပူးနေပြီး အရည် အချင်းပြည့်ဝစွာ ကုသပေးနိုင်ဖို့ တာဝန်ရှိတယ်။ ဆေးပညာသတင်းအချက်အလက် အသစ်တွေကို မျက်ခြည်ပြတ်လို့ မရပါဘူး။ အမြဲတမ်းလေ့လာသင်ကြားဖတ်ရှုနေရပါမယ်။ရိုးသားဖြောင့်မတ်ခြင်း (Honesty and Integrity)
လူနာကို ရိုးသားရပါမယ်။ ဆေးဘက်ဆိုင်ရာ အမှားအယွင်းတွေ (Medical Errors) ဖြစ်ပေါ်ခဲ့ရင်တောင် လူနာအား ဖွင့်ဟဝန်ခံပြီး တောင်းပန်ရန်နှင့် တာဝန်ယူရန် အသင့်ဖြစ်နေရပါမယ်။
ဆရာဝန်တွေရဲ့ ကျင့်ဝတ်တွေဟာ ဥပဒေစည်းမျဉ်းတွေထက် ပိုနက်ရှိုင်းပါတယ်။ ဒါတွေဟာ ဆရာဝန် တွေရဲ့ စေတနာနဲ့ တာဝန်ယူမှုတို့ ယှဉ်တွဲပါဝင်နေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းတွေပဲ ဖြစ်တယ်။ လူနာတိုင်း စိတ်ချလက်ချ အားကိုးနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ခု ဖြစ်တည်လာစေဖို့ ဆရာဝန်တိုင်း သိက္ခာနဲ့အညီ ဒီကျင့်ဝတ်တွေကို မြဲမြံစွာ စောင့်ထိန်းဖို့ အလွန်အရေးကြီးပါတယ်။ လူသားချင်းအပေါ်ထားရှိသော မေတ္တာနှင့် ကရုဏာကိုပါ လက်တွေ့ကျင့်သုံးပြီး မင်္ဂလာတရားနဲ့ အညီ ရှင်သန်ခြင်းက မြင့်မြတ်တဲ့အသက်မွေးဝမ်းကျောင်းခြင်းပဲဖြစ်ပါတယ်။
နောက်တစ်ပတ်မှာတော့ (Street food and safety) လမ်းဘေးအစာအသောက်နှင့် ကျန်းမာရေး ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ် မီဒီယာရဲ့ ပရိသတ်များလည်း ကျင့်ဝတ်နဲ့ အညီ ကုသပေးတဲ့ ဆရာဝန်များနဲ့ ဆုံဆည်းနိုင်ကြပါစေ။ ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေ ရရှိပါစေ။