
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၅ ရက်
ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခအဆုံးသတ်စေမယ့် အမေရိကန်နိုင်ငံ အဆိုပြုထားတဲ့ အချက် (၂၀) ငြိမ်းချမ်းရေးအစီအစဉ်ကို မကြာမီ တုံ့ပြန်မယ်လို့ အစ္စလာမ္မစ်အဖွဲ့ ဟားမာစ်က ပြောပါတယ်၊
ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ဟားမာစ်အဖွဲ့ကို လက်နက်ဖျက်သိမ်းဖို့ အပါအဝင် ဂါဇာဒေသ မှာ အပစ်အခတ်ရပ်စဲစေမယ့် ငြိမ်းချမ်းရေးစီမံချက်ကို အမေရိကန်နိုင်ငံက အဆိုပြုခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုချက်ကို လက်ခံဖို့ ဟားမာစ်အဖွဲ့ကို တိုက်တွန်းနေ ပြီး လက်မခံရင် ဝမ်းနည်းစရာ အဆုံးသတ်မယ်လို့ ပြောပါတယ်။
ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနဲ့ အင်တာဗျူးမှာ အကြီးတန်း တာဝန်ရှိသူ တစ်ဉီးရဲ့ မှတ်ချက်စကားတွေကို ကိုးကားပြီး ဟားမာစ်အဖွဲ့က လူမှုကွန်ရက်မှာ သတင်းစကားတွေ ဆက်တိုက် တင်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး အဆိုပြုချက်ကို တနင်္လာနေ့မှာ လက်ခံရရှိခဲ့ပြီး နောက်ရက်မှာ ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ကြောင်း ဟားမာစ်အဖွဲ့က ပြောပါတယ်။
စစ်ပွဲနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ရည်ရွယ်ကာ ငြိမ်းချမ်းရေးစီမံချက်ကို ဆွေးနွေးမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး အဆိုပြုချက်နဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကို မကြာမီ ကြေညာ မှာဖြစ်ကြောင်း ဟားမာစ်အဖွဲ့က ပြောပါတယ်။
ယခင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေအတွင်း ဂါဇာဒေသမှ အစ္စရေးစစ်တပ် အပြီးတိုင် ဆုတ်ခွာဖို့ ဟားမာစ်အဖွဲ့က တောင်းဆိုခဲ့ပါတယ်။
အစ္စရေးစစ်တပ် ဂါဇာဒေသမှ အပြီးတိုင် ဆုတ်ခွာဖို့ သတ်မှတ်ချက်တွေ ပြည့်မီချိန်အထိ အဆိုပါ ဒေသက စစ်မြေပြင် ဆက်ဖြစ်နေမယ်လို့ အမေရိကန်အဆိုပြု ငြိမ်းချမ်းရေးစီမံချက်က ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်အပေါ် ဟားမာစ်အဖွဲ့က ဘယ်လို တုံ့ပြန်မလဲဆို တာကို လူအများ စိတ်ဝင်စားနေကြပါတယ်။
ကိုးကား – NHK
Ref; Hamas says it will soon respond to US-proposed Gaza peace plan