ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

 

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၆၅ မိုင် ရှိ ဆွာချောင်းတံတားသည် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့ရာ ခြောက်လကျော်ကြာသည့်အချိန်အထိ ပြုပြင်နေဆဲဖြစ်၍ ယနေ့ အောက်တိုဘာ ၄ ရက်မှ စတင်သည့် သီတင်းကျွတ်ပိတ်ရက် အိမ်ပြန် ခရီးသွားလာသူများ အမြန်လမ်းပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှု များ ဖြစ်ပေါ်နေကြောင်း ခရီးသွားလာသူများထံမှ သိရသည်။

 

ယနေ့ အောက်တိုဘာ ၄ ရက်မှ ၇ ရက်နေ့အထိသည် အများပြည်သူပိတ်ရက်များဖြစ်ပြီး ဆွာချောင်း တံတားပြုပြင်နေသည့်နေရာတွင် ယာယီ ဘေလီတံတား ထိုးထားကာ လမ်းကြောင်းတစ်ခုတည်းကို အသွား/အပြန် နှစ်လမ်းစလုံး အသုံးပြုနေရခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ယာယီဖြစ်ပေါ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီတစ်ဖက်တည်း သွားနေတဲ့တံတားက ပြိုကျသွားရင်တော့ ရန်ကုန်-မန္တလေး လမ်းဟောင်းသုံးရ တော့မယ်ထင်တယ်။ အခုလို တစ်ဖက်တည်း သွားနေရလို့ တံတားဘောင်တွေ၊ အဆက်တွေ ပိုပျက်စီး နေတယ်” ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရန်ကုန် – မန္တလေးအမြန်းလမ်းပေါ်ရှိ ဆွာချောင်းတံတားသည် မန္တလေး မှ ရန်ကုန်သို့သွားသည့် တံတား တစ်ခြမ်းလုံးကိုဖြိုချထားရပြီး လက်ရှိဖြတ်သန်းသွားရသည့် တံတားတစ်ခြမ်းသည်လည်း ငလျင်ကြောင့် ထိခိုက်မှုများရှိဆဲဖြစ်သည်။

ထို့ပြင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်တွင် တံတားပြင်ဆင်နေမှု၊ လမ်းပြင်ဆင်နေမှုများရှိနေပြီး မိုင်တိုင် ၃၄၅ မိုင်ရှိ သမင်လွှဲရိုးချောင်းတံတားသည်လည်း ငလျင်ကြောင့် တစ်ဖက်တံတားပျက်စီးမှုကို ဖြိုချထား၍ လမ်းတစ်ဖက်တည်းကို အသွား/ အပြန် အသုံးပြုနေရကြောင်း သိရသည်။

 

လက်ရှိ သီတင်းကျွတ်ကာလ ကျောင်းပိတ်ရက်၊ အလုပ်ပိတ်ရက်များတွင် အိမ်ပြန်သူများ၊ ခရီးထွက်သူများ များပြားမှုကြောင့် အဆိုပါ ပြုပြင်နေသော နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ယာယီဖြစ်ပေါ်နေကြောင်း ခရီးသွားများထံမှ သိရသည်။

 

စစ်ကော်မရှင်သည် နိုင်ငံတစ်ဝန်းလုံးကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း၊ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဓိက လမ်း၊ တံတားများ ပြင်ဆင်ရာတွင်မူ ကြာမြင့်စွာ ကြန့်ကြာမှုများ ရှိနေခြင်းအပေါ် ပြည်သူများက ဝေဖန်တုံ့ပြန်လျက်ရှိသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – အမြန်လမ်း ၁၆၅ မိုင်ရှိ ဆွာချောင်းတံတား နှင့် ၃၄၅ မိုင်ရှိ သမင်လွှဲရိုးချောင်းတံတားပြင်ဆင် နေသည်ကို တွေ့ရစဉ်။