
(မင်းတပ်)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
ချင်းညီနောင် (CB) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့ နှစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
စစ်ကော်မရှင်၏ တံတားဦးလေတပ်သည် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် ၁ နာရီ ၃၀ မိနစ်က မင်းတပ်မြို့၊ အရှေ့ပြင် ရပ်ကွက် နှင့် အနောက် ရပ်ကွက် တို့ကို ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လေယာဥ်နှစ်စင်း နီးနီးလေးပျံသန်းပြီး မင်းတပ်မြို့ပေါ် ရပ်ကွက်နှစ်နေရာလောက် ၁၀ မိနစ်ခြား ဗုံးကြဲသွားတာပါ။ အနောက်ရပ်ကွက်မှာက ဟိုတယ်ကို ကြဲသွားတယ်။ သုံးယောက် ဒဏ်ရာ ရသွားတယ်။အရှေ့ပြင်ရပ်ကွက်မှာ ထိခိုက်မှု မရှိဘူး။”ဟု မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုလေကြောင်း တိုက်ခိုက်မှုတွင် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ဟိုတယ်အပါအဝင် လူနေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း မင်းတပ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သား လူနေအိမ် ခုနစ် လုံး ပျက်စီးသွားသည်။
တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ကြေညာထားသော်လည်း လေကြောင်း ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်လျက် ရှိနေသေးကြောင်း သိရသည်။
စစ်ကော်မရှင်သည် စက်တင်ဘာ ၃၀ နေ့ကလည်း ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ နေရာ သုံး နေရာကို ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား နှစ် ဦး သေဆုံးပြီး ကလေးများအပါအဝင် ၂၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ-CDF/Mindat