ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

အာဏာသိမ်း စစ်ကော်မရှင်တပ်သည် အမာခံတိုက်ခိုက်ရေးတပ်မများဖြစ်သည့် ခြေမြန်တပ်မ (ခမရ) များကို နယ်မြေစစ်ဆင်ရေးတာဝန်များ အဓိက လှုပ်ရှားရန် အတွက် ခြေလျင်တပ်မ (ခလရ) ဌာနချုပ်များ ဟု အမည်ပြောင်းလဲ တာဝန်ပေးကာ ပြန်လည်ဖွဲ့စည်း အသုံးပြုနေကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် တပ်မ (၂၂)၊ (၅၅) နှင့် (၉၉) တို့ကို ခြေလျင်တပ်မများအဖြစ် တရားဝင် ပြောင်းလဲ အသုံးပြုနေပြီး ကျန်ရှိသည့် တပ်မအချို့ကိုလည်း ဆက်လက်ပြောင်းလဲ ဖွဲ့စည်းနေကြောင်း မြန်မာ့ စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ထံမှ သိရသည်။

🔳ဖွဲ့စည်းပုံပြောင်းလဲခြင်း

စစ်ခေါင်းဆောင်သည် စစ်ရေးပြင်းထန်လာသည့် ၂၀၂၂ ခုနှစ် ဝန်းကျင် မှစတင်၍ ၎င်းတို့၏တပ် ဖွဲ့စည်းပုံကို ပြောင်းလဲလာခြင်းဖြစ်သည်။

“တာဝန်ဝတ္တရားကတော့ ခြေလျင် ခြေမြန် ကွာခြားမှုမရှိဘူး။ ဒါပေမယ့် တိုင်းအဆင့်အုပ်ချုပ်တာနဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) (ကက-ကြည်း) က အုပ်ချုပ်တာပဲ ကွာသွားတယ်” ဟု တပ်သတင်းရင်း မြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခြေလျင်တပ်မများ (ခလရ) သည် တိုင်းကွပ်ကဲမှုအောက် တွင် နယ်မြေစစ်ဆင်ရေးတာဝန်များကို အဓိကယူရပြီး ခြေမြန် တပ်မများ (ခမရ)သည် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) (ကက-ကြည်း) ကွပ်ကဲမှုတပ်များအောက်တွင် ရွှေ့ပြောင်းလှုပ်ရှားမှု စစ်ဆင်ရေးတာဝန်များကို ယူရသည်။

ခမရတပ်အတွင်း ခြေမြန်နှင့် ခြေလျင်တပ်ရင်းများပါရော၍ ဖွဲ့စည်းထားပြီး တပ်မမဌာနချုပ်တစ်ခုတွင် နည်းဗျူဟာသုံးခု၊ တိုက်ခိုက်ရေးတပ်ရင်း ၁၀ ရင်းတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

🔳အင်အားဆုံးရှုံးမှုကိုစစ်မှုထမ်းဥပဒေဖြင့်အစားထိုး

စစ်ကော်မရှင်တပ်၏ ခြေမြန်တပ်မများသည် ယခင်က စစ်ထွက်အင်အား ထောင်ကျော် ဖြင့် အင်အားစုဖွဲ့ထားသော်လည်း၊ နိုင်ငံအနှံ့ တိုက်ပွဲကျယ်ပြန့်လာပြီး နယ်မြေများ လက်လွတ်ဆုံးရှုံး လာရချိန်တွင် တိုက်ခိုက်ရေးအင်အားမှာ ရာဂဏန်းအထိသာ ကျန်ရှိတော့သည်။

လက်ရှိတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေ နှင့် နိုင်ငံတစ်ဝန်းမှ လူငယ်များကို အင်အားပြန်လည်ဖြည့်တင်းလာခြင်းကြောင့် တိုက်ခိုက်ရေးတပ်မများ၏ အင်အားမှာ ၃,၀၀၀ ဝန်းကျင် သုံးလာသည်ကို တွေ့ရသည်။

🔳ရှေ့တန်းတွင်တပ်မများအင်အားဆုံးရှုံးမှု

စစ်ဆင်ရေးပြင်းထန်သော တိုက်ပွဲများတွင် ခြေမြန်တပ်မများ အင်အားကြီးမားစွာ ဆုံးရှုံးခဲ့ရသည့် သာဓကများလည်း ရှိခဲ့သည်။

အာရက္ခတပ်တော် (AA နှင့်တိုက်ပွဲပြင်းထန်နေသည့် မကွေး၊ ငဖဲ၊ ပဒါန်း၊ နတ်ရေကန်တိုက်ပွဲများတွင် စစ်ကော်မရှင်က တပ်မ (၉၉) ကို ခြေလျင်တပ်ရင်းအဖြစ် အသုံးပြုတိုက်ခိုက်ခိုင်းခဲ့ပြီး အင်အား ၁၅၀၀ ခန့်အသုံးပြုထားရာမှ အင်အား ၇၀၀ ခန့်သာ နောက်တန်းသို့ ပြန်ခေါ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အင်းတော်မြို့သိမ်းတိုက်ပွဲတွင်လည်း တပ်မ (၇၇) ကို ရှေ့တန်းတပ်မဌာနချုပ်အဖြစ် အသုံးပြုခဲ့ပြီး အင်အားဆုံးရှုံးမှုများပြားကာ တပ်မမှူးနှင့်အဖွဲ့ကို ထွက်ပြေးသည့်လမ်းကြောင်း တစ်လျှောက် စောင့်ကြည့်နေခဲ့ပြီး ကသာမြို့အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးနိုင် ခဲ့သည်။

ထို့အပြင် ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်တွင် စစ်တပ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ ဖြစ်သည့် စကခ ၃၊ ၄ နှင့် ၁၆ တို့ကို ခြေလျင်တပ်မဟာအဖြစ် အမည်ပြောင်းလဲပြီး လေကြောင်းချီ တိုက်ခိုက်ရေးတပ်များအဖြစ် ဖွဲ့စည်းခဲ့ဖူးသည်။

ဓာတ်ပုံ-MOI

ပုံစာ-စစ်ရေးပြ အခမ်းအနားတစ်ခုကို တွေ့ရစဉ်။