ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်နဲ့ မအူပင်မြို့နယ်က PDF တပ်ဖွဲ့ဝင် ၁၉ ဦးဖမ်းမိတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီဘက်က စက်တင်ဘာလ ၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ထားတဲ့အထဲမှာ PDF တပ်ဖွဲ့ဝင်တချို့ပါဝင်တာမှန်ပေမယ့် မသက်ဆိုင်တဲ့ ပြည်သူတွေကိုပါ စွပ်စွဲဖမ်းဆီးထားတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ပြောပါတယ်။

” ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာက မှန်တယ် ဒါပေမယ့် သူတို့ထုတ်ပြန်ထားသလို အားလုံးတော့မဟုတ်ဘူး ဒေသခံတွေကိုပါ စွပ်စွဲဖမ်းဆီးထားတာ တွေ့ရတယ် အားလုံးဆို ၆ ယောက်လောက်အဖမ်းခံရတာရှိမယ်”လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးရမိတယ်လို့ သတင်းထုတ်ပြန်တဲ့ အထဲမှာ ဖျာပုံမြို့နယ်က ၁၄ ဦးနဲ့ မအူပင်မြို့နယ်က ၅ ဦးဖမ်းမိထားတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

အဲ့အထဲမှာ ဖျာပုံမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကိုတော့ သေဆုံးနေတဲ့ပုံစံမျိုးနဲ့ ဓာတ်ပုံရိုက်ပြီး သတင်းဓာတ်ပုံ အသုံးပြုထားတာတွေ့ရပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ပစ်ခတ်ဖမ်းဆီးခံရတာရှိတယ်လို့ သိရပါတယ်။