
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်
အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်သွားမည့် ရွေးကောက်ပွဲကို နှောင့်ယှက် သည်ဟုဆိုကာ အသက်မပြည့်သူ ကလေးသူငယ်အပါအဝင် ပြည်သူ ၆၄ ဦးကို နှစ်လကျော်အတွင်း အမှုဖွင့်ဖမ်းဆီး၍ စစ်ဘေးရှောင်တစ်ဦးအား ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။
အဆိုပါပြည်သူ ၆၄ ဦးကို ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်အထိ ဖမ်းဆီးအရေး ယူ၍ အမှု ၂၄ မှု ဖွင့်လှစ်ထားကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီထံမှ သိရသည်။
ယင်းရွေးကောက်ပွဲအတွက် နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာ ၃ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ပြီ ရွေးကောက် ပွဲ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီထံဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
“ဆက်လက်ပြီးလည်း ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေအား စုံစမ်းဖော်ထုတ် အရေးယူသွားရန် လိုအပ်သလို ရွေးကောက်ပွဲကာလအလိုက် လုံခြုံရေးကျိုးပေါက်မှု မရှိစေဖို့ ဆောင်ရွက်ရမယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် နယ်မြေတည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းရေးတို့အတွက် မှုခင်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုးရေးများကို စစ်တပ်၊ ပြည်သူ့စစ် စသည်တို့ဖြင့် ညှိနှိုင်းပေါင်းစပ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လည်း ၎င်း၏ လက်အောက်ခံများကို ပြောကြားခဲ့သည်။
ယခုလာမည့် ဒီဇင်ဘာတွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ပြည်သူနှင့် တော်လှန်ရေး အင်အားစုများက လက်မခံသဖြင့် ကာကွယ်ရန် ရွေးကောက်ပွဲ ဥပဒေကို ဇူလိုင် ၂၉ ရက်၌ ပြဌာန်း၍ ထိုကဲ့သို့ အမှုဖွင့် ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်က ၎င်းတို့ရွေးကောက်ပွဲအတွက် ပြဌာန်းထားသည့် ယင်းဥပဒေသည် ပြည်သူကို ဝေဖန်ကန့်ကွက်ခွင့် တားမြစ်ပိတ်ပင်ထားကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသား တပ်ဦး (CNF) စသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် တော်လှန်ရေး အင်အားစုများကိုလည်း အမှုဖွင့်ထားကြောင်း သိရသည်။
လက်ရှိအထိ အမှုဖွင့် ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသော ကလေးသူငယ်အပါဝင် ရန်ကုန်၊ ကရင်နီ၊ ရှမ်း စသည်တို့မှ ပြည်သူများလည်း ပါဝင်နေပြီး ထိုအနက်မှ တောင်ကြီးမြို့ရောက် စစ်ဘေးရှောင်တစ်ဦးကို ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ထားကြောင်း သိရသည်။
သို့သော် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင်မူ အဆိုပါပြည်သူ ၆၄ ဦးနှင့် ပတ်သက်၍ တိတိပပ ပြောဆို ထားခြင်းမရှိဘဲ ခြုံငုံဖော်ပြကာ ပြည်သူများကို သတိပေး ခြိမ်းခြောက်နေသလို တစ်ဖက်၌လည်း အွန်းလိုင်းပေါ်မှ ဝေဖန်ရေးသားသူများအား ဖမ်းဆီးအရေးယူနေကြောင်း သိရသည်။
ဓာတ်ပုံ-MOI