
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
အာဏာသိမ်း စစ်ကော်မရှင် သည် နိုင်ငံတစ်ဝန်း မြို့နယ် သုံးပုံတစ်ပုံကျော် ကို ဆက်သွယ်ရေးများ ဖြတ်တောက်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် သတင်းအချက်အလက် များမရရှိဘဲ အရပ်သားများ၏ အသက်အန္တရာယ်မှာ အချိန်မရွေး စိုးရိမ်ဖွယ်ရှိနေကြောင်း မြန်မာ အင်တာနက်ပရောဂျက် (MIP) အဖွဲ့က ယမန်နေ့ အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
MIP ၏ “လေဝေဟင်တိုက်ခိုက်မှုများအကြား ဆက်သွယ်ရေးအမှောင်ကျခဲ့မှုများ” အစီရင်ခံစာအရ ယခုနှစ် ဖေဖော်ဝါရီမှ ဇူလိုင်လ အတွင်း စစ်ကော်မရှင်သည် မြို့နယ်ပေါင်း ၁၂၃ မြို့နယ် (ရန်ကုန်မှလွဲ၍ တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင်) ကို ဆက်သွယ်ရေး ဖြတ်တောက်ထားခဲ့သည်။
အဆိုပါ ၆ လတာ ကာလအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၆၄၅ ကြိမ် ဖြစ်ပွားခဲ့ရာ၊ သေဆုံးသူ ၁,၀၈၆ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁,၇၁၄ ဦး ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် သတင်းအတည်မပြုနိုင်သည့် နေရာ ကိုး နေရာ ကျန်ရှိနေသေးသဖြင့် အမှန်တကယ် သေဆုံးထိခိုက်သူ အရေအတွက်မှာ ထုတ်ပြန်ထားသော စာရင်း ထက် ပိုမိုများပြားနိုင်ကြောင်း MIP က ဆိုသည်။
“ ဒီလပိုင်းတွေမှာပဲ ဖြူးမြို့ကနေ စစ်တောင်းမြစ်ကမ်းဘက်ခြမ်းတစ်လျှောက် အဲဒီနားရှိတဲ့ရွာတွေကို ဗုံးကြဲတာ လူတွေသေတာအများကြီးပဲ။ ဒရုန်းနဲ့ပစ်တာလည်းရှိတယ်။ ဆက်သွယ်ရေးပြတ်တောက် နေတော့ သတင်းတွေသိပ်မထွက်ဘူး။ နောက်ပြီးတော့ မပြောကြတာလည်းရှိတယ်။ ဖြူးမြို့ပေါ်မှာ လည်း အင်တာနက် (data)မရဘူး။ ဖြတ်ထားတယ်။ ဝိုင်ဖိုင်ပဲသုံးလို့ရတယ်။ ဗုံးကြဲခံရတဲ့ရွာတွေမှာ ဖုန်းအင်တာနက်မရတော့ ချက်ချင်းမသိရတာတွေရှိတယ်” ဟု ဖြူးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဆက်သွယ်ရေးဖြတ်တောက်ခံရသည့် ပဋိပက္ခဒေသများတွင် နေထိုင်သော အရပ်သားများသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခံရမှု ပိုမိုများပြားနေပြီး အထူးသဖြင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပွားနေသည်ဟု အစီရင်ခံစာတွင် အသိပေးထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ် ထိခိုက်သေဆုံးမှု ပိုများနိုင်သော်လည်း အချက်အလက်ကောက်ယူရာတွင် ကျား/မ ခွဲခြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
MIP ၏ အစီရင်ခံစာတွင် လက်ရှိ အသက်ဆုံးရှုံးနေရသည့် အခြေအနေများ လျော့ပါးစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် စစ်ကော်မရှင်အား ဆက်သွယ်ရေးဖြတ်တောက်မှုများ မပြုလုပ်ရန် ဖိအားပေး ဆောင်ရွက်ရန်၊ အားနည်းသော အပြစ်မဲ့ အသိုင်းအဝိုင်းများထံ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုများ သက်သာစေရန် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ နှင့် နည်းပညာများကို ထောက်ပံ့ပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်