
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို “Smart City” အဖြစ် ပုံဖော်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့က ပြင်ဦးလွင် သုမင်္ဂလာ ၆ ထပ် အဆင့်မြင့်ဈေးသစ်(ညံတောစျေး) တည်ဆောက်နေသည်ကို သွားရောက်ကြည့်ရှုခဲ့သည်။
ယင်းဈေးရှိ ဆိုင်ခန်းများကို တင်ဒါစနစ်ဖြင့် အနည်းဆုံး သိန်း ၆၅၀ မှစတင် ငှားရမ်းမည်ဖြစ်ရာ အရင်ဈေးဆိုင်ရှင် ဒေသခံ ကုန်သည်များက တွက်ခြေမကိုက်မည်ကို စိုးရိမ်မှု ရှိနေကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် သုမင်္ဂလာဈေးတည်ဆောက်နေမှုကို ယမန်နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က စစ်ဆေးပြီးနောက် ယခု ထပ်မံစစ်ဆေးခြင်းဖြစ်ကာ အဆိုပါစျေးကို ယခုနှစ်ကုန်တွင် အပြီး တည်ဆောက်ရမည် ဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ ရရှိသည့် အချက်အလက်အရ သုမင်္ဂလာဈေးရှိ မြေအောက်ထပ်၊ မြေညီထပ်၊ ပထမထပ်၊ စတုတ္ထထပ်၊ ပဉ္စမထပ်၊ ခေါင်းမိုးထပ်ဆိုင်ခန်းများအတွက် နေရာအလိုက် တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်သည်။
“ အရင်ဈေးဆိုင်နေရာတွေကို ပြန်မပေးဘူးလို့ကြားတယ်။ အခုတော့ အဲဒီကဆိုင်ခန်းတွေ တစ်ခန်း သိန်း ၆၅၀ အနည်းဆုံးဈေးပေါက်တယ်။ ဒါက ကြမ်းခင်းဈေးပြောရမလားမသိဘူး။ ဈေးဆောက်ပြီးရင် ကုန်ကျစရိတ်ကို ပြန်မျှပေးရဦးမယ်လို့ပြောတယ်။ လက်လုပ်လက်စားတွေအတွက်တော့ ဒီဈေးနဲ့ ဆိုင်ခန်းဖွင့်မလို့ တွတ်ခြေမကိုက်ဘူး” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဤဈေးတည်ဆောက်ခြင်းသည် မြို့နေလူဦးရေ ထူထပ်လာမှုနှင့် ခရီးသွားလာမှု များပြားလာခြင်း ကြောင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် အဆင့်မီရရှိနိုင်စေရန် ရည်ရွယ်ကြောင်း စစ်ခေါင်းဆောင်က ပြောကြားထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာမည့်ဒီဇင်ဘာလတွင် ပြုလုပ်မည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာတက္ကသိုလ် (DSTA) သင်တန်းဆင်းပွဲများ ကျင်းပ နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ရန် ပြင်ဦးလွင်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း နီးစပ်သူများ ထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်