
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာအုပ်စု အတွင်းရှိ ယာလုပ်ကိုင်သူ ဒေသခံများထံမှ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပြည်သူ့စစ်များအား ထောက်ပံ့ရန် ဟုဆိုကာ ယာတစ်ဧကလျှင် ကျပ်သုံးသောင်း (၃၀,၀၀၀) နှုန်းဖြင့် အတင်းအဓမ္မ တောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဆယ်ကျေးရွာအုပ်မှ အုပ်ချုပ်ရေးမှူး ဦးသန်းဇော်နှင့် စာရေးဦးမျိုးမင်းတို့သည် ပြီးခဲ့သည့် သြဂုတ်လမှ စတင်၍ ယာလုပ်ကိုင်သူများကို ဆင့်ခေါ်ပြီး ကျေးရွာကာကွယ်စောင့်ရှောက်နေသည့် ပြည်သူ့စစ်များအတွက် ထောက်ပံ့ကြေးအဖြစ် ငွေကြေးတောင်းယူနေခြင်းဖြစ်ကာ ငွေမပေးနိုင်ပါက ယာလုပ်ကိုင်ခွင့်ကို ပိတ်ပင်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ရက်က အုပ်ကြီးနဲ့စာရေးက ယာလုပ်ကိုင်နေတဲ့ သူတွေကို ဘုန်းကြီးကျောင်းမှာ ခေါ်တွေ့ခဲ့တယ်။ မင်းတို့ ယာလုပ်ကိုင်တဲ့သူတွေကို ပြည်သူ့စစ်တွေက စောင့်ရှောက်ပေးမယ်။ ရလာတဲ့ ငွေကို မြို့နယ်အဖွဲ့က ဗိုလ်မှူးကို ခွဲတမ်းပေးရတယ်။ အခုကတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တွေက အကျပ်ကိုင်ပြီး ငွေလိုက်ကောက်နေကြတယ်”ဟု ယင်းဆယ်ကျေးရွာအုပ်ရှိ ယာလုပ်ကိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယာလုပ်ကိုင်သည့် တောင်သူများအနေဖြင့် ကျပ်သုံးသောင်းကို သုံးကြိမ်ခွဲ ပေးဆောင်နိုင်ပြီး မပေးနိုင်ပါက ယာမလုပ်ကြရန် အမိန့်ပေးပြောဆိုထားကြောင်း သိရသည်။ ယင်းဆယ်ကျေးရွာအုပ်စု တွင် အိမ်ခြေ ၆၀၀ ကျော်ရှ်ိပြီး ယာလုပ်ကိုင်သူ ၃၀၀ ဝန်းကျင်ရှိကာ ယာဧက ၃၀၀၀ ကျော်ရှိကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း ပြည်သူ့စစ်များကိုထောက်ပံ့ရန်ဟုဆိုကာ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးသန်းဇော်၊စာရေးဦးမျိုးမင်း၊ ကျေးရွာနေ ဦးကိုစိုး၊ ဦးတင်အောင်တို့က ယာလုပ်သူများထံမှ အကြိမ်ကြိမ်ငွေတောင်းယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်း ၂၆ မြို့နယ်ရှိပြီး စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးအများစုမှာ ကျေးရွာပြည်သူ့စစ်၊ ပြည်သူ့စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြကာ လက်ရှိအချိန်ထိ ငွေတောင်းယူလျက်ရှိကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။
ဓာတ်ပုံ- စစ်ကော်မရှင်လက်အောက်ခံပြည်သူ့စစ်များ။