
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဝန်းကျင် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၇ ဦးကို အရှင်ဖမ်းဆီး ရမိထားပြီး ၎င်းတို့မှာ ပေါ်တာဆွဲခံရသော တပ်သားသစ်များဖြစ်ကာ အသက်အရွယ်အားဖြင့် ၁၇ နှစ်မှ ၅၀ နှစ်ကျော်ရှိကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)ထံက သိရသည်။
ထိုဖမ်းဆီးရမိသူများသည် အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ တပ်မ (၉၉) နှင့် စကခ (၁၇) လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး အများစုမှာ စစ်မှုထမ်းဥပဒေအရ ပေါ်တာဆွဲခံရပြီးနောက် အပတ်စဉ် ၇ မှ ၁၃ အထိ သင်တန်းဆင်း တပ်သားများဖြစ်ကြောင်း PRA-Magway က ယနေ့ အောက်တိုဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“သူတို့ကို ခုနှစ်လပိုင်းနဲ့ ကိုးလပိုင်းထဲမှာ ဖမ်းမိခဲ့တယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရ စစ်မှုထမ်း ဥပဒေကြောင့် ပါလာကြတယ်ပေါ့။ အတင်းအဓမ္မ ပေါတာဆွဲခံရလို့ ပါလာတာရှိသလို အုပ်ကြီးက ခေါ်ပြီးတော့ ပြန်မလွှတ်ဘဲ ပါလာတာရှိတယ်။ မျိုးစုံတွေ့ရတယ်” ဟု PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် PRA-Magway အနေဖြင့် ယခင်ဖမ်းမိခဲ့သည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များတွင် အသက် ၂၀ နှစ်မှ ၃၀ နှစ်ဝန်းကျင်တို့သာ တွေ့ရှိရပြီး ယခုအကြိမ်၌မူ ဖမ်းဆီးရမိ စစ်သုံ့ပန်းများသည် အသက်အရွယ်အားဖြင့် ၁၇ နှစ်ဝန်းကျင်မှ ၅၀ နှစ်ကျော်တို့ဖြစ်ကြကာ ထွက်ပြေးမှုမှာလည်း ယခုအခါမှ အောင်မြင်ကြောင်း သိရသည်။
အဆိုပါ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိဟု PRA-Magway က ထုတ်ပြန်ရာတွင် ဓာတ်ပုံများဖြင့် ထည့်သွင်းဖော်ပြထားသလို နိုင်ငံအဝှမ်း စစ်ရှိန်မြင့်တက်လာမှုနှင့် ဟန်ချက်ညီစွာ ဒေသတွင်း စစ်ဆင်ရေးများအား ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
အထူးသဖြင့် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်း တလျောက်၌လည်းကောင်း၊ ပုသိမ်-မုံရွာလမ်းနှင့် အမ်း-ပဒါန်းလမ်း ကြားဒေသများတွင်လည်းကောင်း စစ်ဆင်ရေးများကို မဟာမိတ်များနှင့် ပူးပေါင်းဖော်ဆောင်နေပြီး တိုက်ပွဲအသီးသီးတွင်းလည်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်များစွာ ထိခိုက်ကျဆုံးခဲ့ကြောင်း PRA-Magway က ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်က နိုင်ငံအဝှမ်း စစ်မျက်နှာများသို့ တပ်ဖြန့်ကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး ထိုအရာကို ကြံ့ကြံ့ခံ ခုခံလျက်ရှိသလို စစ်နောက်ပိုင်းဒေသများတွင်လည်း ပြောက်ကျားဒေသများ တိုးချဲ့ဖော်ဆောင်လျက်ရှိကြောင်း PRA-Magway ၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ – PRA-Magway