
ဧရာဝတီတိုင်းမ်
(ဖာပွန်)၊ အောက်တိုဘာ ၂ ရက်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ နို့ဖောထီးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်၊ BGF ပူးပေါင်း တပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရင်နေ့မှ ၂၆ ရက်နေ့အထိ လေးရက်ကြာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။
စစ်ကော်မရှင်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ၁၀၁၃ တပ်ရင်း ခေါင်းဆောင် ဗိုလ်လှကြိုင်ခေါင်းဆောင်သည့် အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းနှင့် တော်လှန် ရေးတပ်ဖွဲ့များ လေး ရက်ကျော်ကြာ ထိပ်တိုက်အပြန် အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးဘက်ထိခိုက်မှုက အပြန်အလှန်ပစ်ခတ်ရင်း ရဲဘော်လေးများ မြင်တွေ့လိုက်တာ ခန့်မှန်း၁၀ ယောက်ခန့် ထိမှန်ပါတယ်။ မောင်လှကြိုင်ဦးဆောင်တဲ့ BGF အဖွဲ့ နဲ့ စကမ(စစ်ကော်မရှင်) က စစ်အင်အားတွေ ထပ်မံဖြည့်တင်းပြင်ဆင်နေတယ်။ တပ်အင်အား စစ်ကူတွေလဲ ဖြည့်တင်းနေတယ် လို့ သတင်းရရှိထားပါတယ်” ဟု နဂါးနက် စစ်ကြောင်းမှူး ဗိုလ်တတ်တူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
BGF နှင့် စစ်ကော်မရှင်တပ်ဖွဲ့များမှာ ထပ်မံအင်အားဖြည့်တင်းထားသည့်အတွက် အင်အားအလွန်အကျွံ အသုံးပြုကာ ဆက်လက် စစ်ကြောင်းထိုးလာနိုင်သည့်အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်ခြောက်၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရဲဘော်များကို ဆေးကုသရန် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်းနဂါးနက်စစ်ကြောင်း(Black Dragon Column) ထံမှ သိရသည်။
ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) အဖွဲ့များသည် ကရင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲကို ကာကွယ်သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဖာပွန်ခရိုင်တွင် နဂါးနက်စစ်ကြောင်းသည် KNLA၊ PDF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းကာ မထော၊ ဆင်စွယ်၊ တောင်သုံးလုံး၊ နိုဘော်ထီး၊ ကတိုင်တိ၊ မဲပလီ စသည့် စစ်ကော်မရှင်တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့