(ချင်း)၊ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

 

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်၊ ဟားခါး နှင့် တီးတိန်မြို့တွင် မဲစာရင်းများ ကြေညာထားသော်လည်း မြို့ခံများ စိတ်ဝင်စားမှုမရှိသည့်အတွက် ကြည့်ရှူသူ မရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို စာသင်ကျောင်းများ၊ အစိုးရ ဌာနဆိုင်ရာ ရုံးများ၊ စျေးများ၊ ရဲစခန်း၊ လမ်းဘေးနှင့် လူစည်းကားသည့်နေရာများတွင် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့မှစ၍ ကြေညာထားခြင်း ဖြစ်သည်။

 

“ဟားခါးမြို့ နေရာအတော်များများမှာ စာရင်းကပ်ထားတာတွေ့တယ်။ ကြည့်ကြတဲ့သူတွေလည်း သိပ်မတွေ့ရဘူး။ ကျွန်တော်လည်း မကြည်ဖြစ်သေးဘူး။ ရဲတွေ၊ စစ်သားတွေလည်း အခုတလော ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မြို့ထဲ ခြေရှုပ်နေတယ်”ဟု ဟားခါးမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ ဖျက်ဆီးပစ်သွားမည်ကို စိုးရိမ်နေသည့်အတွက် စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

 

အလားတူ တီးတိန်မြို့တွင်လည်း မြို့မစျေး နှင့် စကောလမ်းစျေးတို့တွင် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားသော်လည်း ကြည့်ရှူမည်သူများ မရှိကြောင်း သိရသည်။

 

“စကောလမ်းစျေးမှာ မဲစာရင်းကပ်ထားတာ တွေ့လိုက်တယ်။ ပြီးတော့ ရဲတွေ၊ စစ်သားတွေ၊ ကျောင်းဆရာ၊ ဆရာမတွေကလည်း မဲစာရင်းကြည့်ကြဖို့ ပြောတယ်။ တစ်ရက်နေ့ကဆိုရင် ရပ်ကွက် နေရာအတော်များများမှာ မဲစာရင်းတွေ ထပ်ကပ်တာ တွေ့ရတယ်။ လူတွေ သွားကြည့်ကြတာက သိပ်မတွေ့ရပါဘူး “ဟု တီးတိန်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ဟားခါးမြို့နှင့် တီးတိန်မြို့သည် စစ်ကော်မရှင် ထိန်းချုပ်ထားသည့်မြို့များဖြစ်ပြီး အပိုင်း(၁) အနေဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည်။

 

ထို့အပြင် ချင်းတော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ဖလမ်း၊ တွန်းဇံမြို့နှင့် ပြည်သူများနေထိုင်ခြင်းမရှိတော့သည့် ထန်တလန်မြို့တွင်လည်း အပိုင်းလိုက် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ စသည့်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

 

လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ချင်းနိုင်ငံရေးပါတီများဖြစ်သည့် ခူမီးအမျိုးသားပါတီ ( KNP )၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( NCC)၊ ဇိုမီးအမျိုးသားပါတီ ( ZNP) တို့က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။