နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

 

အာဏာသိမ်း စစ်ကော်မရှင်က ၎င်းတို့ပြဌာန်းထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေအပါအဝင် တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းထားသူများကို မူးယစ်ဆေးစွဲစေပြီး တိုက်ပွဲများတွင် လူသားဒိုင်းသဖွယ် အသုံးပြုကာ အသေခံခိုင်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ EROs နှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

 

ခုခံတော်လှန်မှုများကြောင့် တပ်အင်အား လျော့နည်းလာသော စစ်ကော်မရှင်သည် နိုင်ငံတစ်ဝန်း စစ်ရှိန်မြှင့် ဗုံးကြဲတိုက်ခိုက်နေသလို၊ မြေပြင်စစ်ကြောင်းများ ထိုးရာတွင်လည်း ထိုကဲ့သို့ အမိန့်ပေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အလင်းဝင်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံ ထွက်ဆိုထားသည်။

 

အဆိုပါ အခြေအနေများကို ကရင်၊ ရှမ်း၊ ရခိုင်၊ ကချင်၊ စစ်ကိုင်း စသည့်ဒေသများရှိ တိုက်ပွဲများတွင် တွေ့ရှိရပြီးလက်ရဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၌လည်း အသိစိတ်ကင်းမဲ့သည်အထိ မူးယစ်ဆေးဝါး သုံးစွဲထားသူ အများစု ပါဝင်နေကြောင်း NUG ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ၏ ပြောဆိုချက်အရ သိရသည်။

“ဒါ့ကြောင့် အဓမ္မစစ်သားစုဆောင်း ခံကြရသူတွေအနေနဲ့ မူးယစ်ဆေးစွဲပြီး ရှေ့တန်းမှာ အသတ်အသေခံကြရတဲ့အထိ မမိုက်မဲဘဲ ရရာနည်းနဲ့ တော်လှန်ရေးအင်အားစုတွေဆီ ပူးပေါင်းကြဖို့ တိုက်တွန်းပြောကြားလိုတယ်” ဟု ဦးနေဘုန်းလတ်က အောက်တိုဘာ ၁ ရက်တွင် ပြည်သူနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောရာ၌ ထည့်သွင်းပြောဆိုသည်။

 

စစ်ကော်မရှင်သည် စစ်ရှုံးလာမှုကြောင့် ဒေသခံ ပြည်သူများကို ဖမ်းဆီးချုပ်နှောင် လူသားဒိုင်းသဖွယ် အသုံးပြုနေသလို၊ တပ်သားများကိုလည်း မူးယစ်ဆေးသုံး စစ်တိုက်ခိုင်းသဖြင့် စစ်မှုထမ်း စုဆောင်း မှုများထဲ မပါဝင်စေရန် အထူးဂရုပြုသင့်ကြောင်း တော်လှန်ရေး အင်အားစုများက အသိပေးပြော ဆိုထားသည်။

 

ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခံရသည့် စစ်ကော်မရှင် တပ်သားများ အနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် EROs များကလည်း တိုက်တွန်းအသိပေးထားသည်။

 

လက်ရှိတွင် စစ်ကော်မရှင်သည် အသက်မပြည့်သူများ၊ အသက်အရွယ်ကြီးရင့်သူများပါမကျန် ပြည်သူ များကို နေရာဒေသ၊ နေ့ညမရွေး အတင်းအဓမ္မ လိုက်လံဖမ်းဆီး‌ ငွေညှစ်၍ တပ်သားသစ် စုဆောင်းနေ သလို ၎င်းတို့၏ ပြည်သူ့စစ်မှုထမ်း စစ်သင်တန်းသည်လည်း အမှတ်စဉ် (၁၇) အထိ ရောက်ရှိနေပြီး သင်တန်းဆင်းတပ်သားသစ်များကို ရှေ့တန်းပို့ဆောင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ- MOI
ပုံစာ-စစ်မှုထမ်းဥပဒေဖြင့်တပ်သားသစ်အဖြစ်စုဆောင်းခံရသူများ။