ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ အောက်တိုဘာ ၂ ရက်

 

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စုဆောင်းရန်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့တွင် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၂ မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

 

လက်ပံတန်းမြို့နယ်၊ မှော်အင်းရဲစခန်းမှ ထွက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ရဲ အယောက် ၂၀ ဝန်းကျင်မှာ ကမ်းပြိုကြီးရွာတွင် စစ်မှုထမ်းအတွက် ဆက်ကြေးကောက်ပြီးအပြန် တိုက်ခိုက်ခံရခြင်း ဖြစ်ကာ တပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

“အဲ့ဒီဘက်ကရွာတွေကို သူတို့က ဆက်ကြေးကောက်၊ ပေါ်တာဆွဲလုပ်နေကြပဲ။ အခုလည်း အဲ့ရွာကနေ အခြားရွာတွေကို ဆက်သွားဖို့ လုပ်နေကြတာ။ ကျွန်တော်တို့က စောင့်ပြီး တိုက်တာ။ အပြန်အလှန် ပစ်နေတုန်း သူတို့ဘက်က ဆုတ်ပြီးထွက်ပြေးကြတာ။ သူတို့အုပ်စုထဲ ၄၀-မမ ကျကွဲတာလည်း တွေ့လိုက်တယ်။ လိုက်ပစ်တော့ လမ်းမှာ နှစ် ယောက်ရဲ့ အလောင်းရတယ်။ အဲ့ထက်မကသေနိုင်တယ်” ဟု တပ်ရင်း ၃၈၀၂ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး၏ အလောင်းကို ရရှိခဲ့ပြီး G-3 သေနတ် တစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ ကျည်ဘောက်၊ ကာဘိုင်ကျည်၊ လက်ပစ်ဗုံး၊ ငွေသားနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် စစ်ကော်မရှင်က အထိနာသွားသည့်အတွက် မှော်အင်းရဲစခန်းသို့ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

သာယာဝတီခရိုင်အတွင်း ကြို့ပင်ကောက်မြို့နယ်တွင်လည်း စစ်ကော်မရှင်က စစ်ကြောင်းထိုး အင်အားဖြည့်တင်းခြင်းများပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့