
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
မြန်မာနိုင်ငံသည် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် သက်ကြီးရွယ်အိုများသည့်လူမှူအဖွဲ့အစည်းဖြစ်လာနိုင်ပြီး လူဦး ရေ၏ ၂၀ ရာခိုင်နှုန်းက သက်ကြီးရွယ်အိုများဖြစ်လာမည်ဟု စစ်ကော်မရှင်က ခန့်မှန်းဖော်ပြထားသည်။
လာမည့် ၂၅ နှစ်အတွင်း အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ဦးရေသည် ၁၃သန်းခန့်ရှိလာကာ စုစုပေါင်းလူဦးရေ၏ ၂၀ ရာခိုင်နှုန်းထိ တိုးပွါးလာနိုင်သည်ဟု ဆိုသည်။
လက်ရှိတွင် ကလေး မွေးဖွားနှုန်းနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းက ပိုများနေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ လူဦးရေပြန်ဖြည့်ရန် ခဲယဉ်းလာမည်ဖြစ်ပြီး လူအိုအများစုဖြစ်လာသော Ageing Society ဘဝကို မကြာမီရောက်ရှိလာမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းတွင် ငါးနှစ် အောက် ကလေးသေဆုံးမှုနှုန်းသည် လေးရာခိုင်နှုန်း နီးပါးဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် သုံးရာခိုင်နှုန်းသို့ကျဆင်းခဲ့သော်လည်း မွေးဖွားနှုန်းနှင့် နှိုင်းယှဉ်လျှင် သေဆုံးမှုနှုန်းက ပိုများနေ ကြောင်း စစ်ကော်မရှင်လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ ၂၀၁၄ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင် နှုန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် အထွေထွေအကျပ်အတည်းများဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် အစာအဟာရ ဝလင်အောင်မစားရသည့် အရေအတွက်သည် ၁၆ သန်းခန့်ရှိနေပြီး လမ်းမကြီးများပေါ်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ တောင်းရမ်းစားသာက်မှုပိုများပြားလာကြောင်း ရန်ကုန်မြို့ခံများကဆိုသည်။