ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

 

ရှမ်းမြောက်၊ ကျောက်မဲခရိုင်အတွင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နမ္မတူနှင့် မန်တုံမြို့တို့ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်တချို့သေဆုံးခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်သည် ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၇ နာရီခန့်က နမ္မတူမြို့၊ ရပ်ကွက် (၈) ၊ ပုဗ္ဗာဘုန်းကြီး ကျောင်းအနီးသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အတွက် ကျောက်မဲမြို့မှ စစ်ရှောင်လာသူ သုံး ဦးသေဆုံးပြီး ခြောက် ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“နမ္မတူမှာက လူသေတယ်။ ကလေးလေးတွေပါသေတယ်။ မန်တုံကိုကြဲတာ စစ်တပ်ဝင်း အဟောင်းထဲ ကိုကျသွားလို့ လူသေတာမရှိဘူး”ဟု ကျောက်မဲဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

နေအိမ် ငါး လုံးခန့်မှာ ဗုံးဒဏ်ကြောင့် လုံးဝပျက်စီးသွားကာ နေအိမ်အများစု ထိခိုက်ပြိုပျက်မှုများရှိခဲ့ပြီး မန်တုံမြို့ကိုလည်း ယနေ့ အောက်တိုဘာာ ၂ ရက် နံနက်ပိုင်းတွင်ပင် လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးလေးလုံးကြဲချခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်းရှိ ရေထွက် ကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးပျက်စီးသွားကြောင်း သိရသည်။

 

စစ်ကော်မရှင်က ကျောက်မဲမြို့ကို ဝင်ရောက်ထိန်းချုပ်ပြီးနောက် ကျောက်မဲခရိုင်အတွင်းရှိ မန်တုံနှင့် နမ္မတူမြို့တို့ကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

 

ဓာတ်ပုံ-TNLA
ပုံစာ-နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်ဗုံးကြဲပြီးနောက်တွေ့ရစဉ်။