
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်တွင် စစ်ကော်မရှင်နှင့် KIAတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ဗန်းမော်မြို့တွင်းရှိ နေရာအချို့ကို KIAပြန်လည်ထိန်းချုပ်ထားကြောင်း သိရသည်။
အောက်တိုဘာ ၁ရက်နေ့တွင် သုံးမိုင်ရွှေပြည်သာ KBCဘုရားကျောင်းကုန်းအား KIA တပ်များက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့က ခေတ္တ ဆုတ်ခွါခဲ့ရသည့် အဆိုပါ ဘုရားကျောင်းကုန်းကို ခြောက်ရက်ခန့် ထိုးစစ်ဆင်ပြီးနောက် KIAက ပြန်လည် သိမ်းယူလိုက်ခြင်းဖြစ်သည်။
”စစ်တပ်ကလည်းထိုးစစ်ဆင်နေတဲ့နေရာတွေရှိသလို KIAဘက်ကလည်း ထိုးစစ်ဆင်နေတာတွေရှိတယ်။ မြို့တစ်ခုလုံးရဖို့မှာ စစ်တပ်က သူတို့တပ်အချင်းချင်း ချိတ်ဆက်မိပြီး တိုက်ပွဲပြန်စရသလိုဖြစ်ခဲ့ရတယ်လို့ထင်ပါတယ်။ KIAဘက်က လုံးဝမလျှော့ခဲ့ပါဘူး” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗန်းမော် စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၁၁နှင့် ဆက်သွယ်ရေးတပ် ဆသရ ၅ ဘက်မှ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စခန်းကုန်းကို ပြန်လည်ရယူခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့ကို ထိုးစစ်အနေအထားနှင့် စစ်ဆိုင်ထားချိန်တွင် စစ်ကော်မရှင်က စစ်ရေယာဉ်အုပ်စုကိုစေလွှတ်ပြီး လူအင်အားဖြန့်ကာ လက်နက်၊ခဲယမ်းများပါဖြည့်တင်းခဲ့သည့်အတွက် KIAက ထိန်းချုပ်နေရာအချို့ကို လက်လွှတ်ခဲ့ရသည်။
စစ်ကော်မရှင်က စစ်ရေယာဉ်အုပ်စုတွင်ပါလာသည့် လူအင်အားဖြင့် ရွှေကူမြို့ရှိ ခြေကုတ်စခန်းအချို့ကိုပါ ခံစစ်အနေအထားမှ တိုက်စစ်ပုံစံ ပုံဖော်စုဖွဲ့ခဲ့ကြသည်။
ထို့အပြင် စစ်ကော်မရှင်က ဗန်းမော်မြို့တွင်းပိုင်းကိုပါ စစ်အင်အားဖြန့်ကျက်ပြီး ထိုးစစ်ဆင်လာသည့်အနေအထားထိရောက်ခဲ့ပြီး KIAနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးနေကြောင်းသိရသည်။