
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်း အမြောက်တပ်အနီး ပစ်ခတ်တိုက်ခိုက်မှုများနေ့စဉ်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့ကအထိအမတ ၃၄၄အနီး ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး အမြောက်တပ်မှလက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း သိရသည်။
”ရေကြည်နားကရွာတွေကို လေကြောင်းဗုံးကြဲတာနဲ့၊ အမြောက်တပ်ကလက်နက်ကြီး ပစ်ကူတွေသုံးပြီး နယ်မြေရှင်းလင်းရေးလုပ်ထားတယ်။ ငသိုင်းချောင်းဘက် စစ်ရှောင်နေသူတွေကိုလည်း AAနဲ့ပတ်သက်မှုရှိလား စစ်ဆေးရေးကြမ်းနေတယ်” ဟု ရေကြည်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်က ကျုံပျော်တပ်မှ ထုတ်နှုတ်အင်အားနှင့် စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားသစ်များကို အမြောက်တပ် အမတ ၃၄၄အတွင်းသို့ စစ်ယာဉ်တန်းများဖြင့် အင်အားဖြည့်မှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် နတခ အနေဖြင့် ပုသိမ်- မုံရွာ လမ်းပိုင်းကို လက်မလွှတ်ရရေးအတွက် ရေကြည်နှင့် လေးမျက်နှာကို အင်အားဖြည့်တင်းနေပြီး အနီးနားကျေးရွာများကိုပါ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ထားသည်။
ရွေးကောက်ပွဲမတိုင်ခင် ရေကြည်နှင့် လေးမျက်နှာကို အပြည့်အဝထိန်းချုပ်နိုင်ရေး စီမံမှုများရှိနေပြီး AA၏ ပြည်မနှင့်ချိတ်ဆက်နိုင်သည့် မကျီးဇင်၊ ပန်းတောင်း၊ ပဒါန်းတပ်နယ်များတွင် မကျီးဇင်၊ ဘောမိဘက်မှလွဲ၍ ကျန်ဝင်ပေါက်နှစ်ခုတွင် စစ်ရေးတင်းမာကာ စစ်အင်အားအလွန်အကျွံသုံးထားသည်။
ပန်းတောင်းတပ်နယ်တွင်လည်း တောင်ကုတ်တောင်ကြားလမ်းကိုစိုးမိုးနိုင်ရေး အဓိက တံတားများကို ပိတ်ဆို့ပြီး သံချပ်ကာယာဉ်များပါ စစ်အုပ်စုကအင်အားဖြည့်ထားကြောင်း သိရသည်။