
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာတစ်ဝိုက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုများကြောင်း သိရသည်။
စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းအချိန်တွင် ကျောက်ဖြူမြို့နယ် ရွာသစ်ကျေးရွာနှင့် ကုလာဘာရွာအနီးတစ်ဝိုက်တွင် စစ်ကော်မရှင်၏ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“စနိုက်ဘာနဲ့ ပြောက်ကျားပုံစံ ပစ်ခံရတုန်းကလည်း စ်စတပ်ဘက်က အရာရှိတွေကြီးပဲ သေတာ။ အခုလိုကြားဖြတ်တိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်တော့လည်း အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်တွေ အစုလိုက် အပြုံလိုက်သေတယ်”ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်ဘက်မှ အထိနာခဲ့သည့်အတွက် ရဲတပ် ရင်း ၃၂၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် အခြားအခြေစိုက် တပ်ရင်းဌာနချုပ်များမှနေ၍ လက်နက်ကြီးပစ်ကူများပေးခဲ့ကြောင်း သိရသည်။
ယခင်ရက်များတွင် AA က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေခဲ့သော်လည်း ယမန်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည့်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်က စစ်ကြောင်းများခွဲကာ စစ်ကြောင်းထိုးတက်လာသည့်အတွက် ချောင်းဝကျေးရွာ ရိုးမတောင်ချောင်းတစ်ဖက်ကမ်းမှ ဝါးတောကျေးရွာများရှိ ဒေသခံပြည်သူများ ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြရသည်။