ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်

ပဋိပက္ခမှာပါဝင်တဲ့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး အား လုံးပါဝင်ပြီး တာရှည်ခံသော အပစ်အခတ်ရပ်စဲမှုရရှိရေး လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ငုရင်ဟောင်ငုရင်က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖြေရှင်းဖို့၊ ဒုက္ခသည်တွေ ဘေးကင်းစွာနဲ့ ဆန္ဒအလျှောက် နေရပ်ပြန်နိုင်ဖို့နဲ့ လူနည်းစုတွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနဲ့ အခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေ အနေဆိုင်ရာ အဆင့်မြင့်အစည်းအဝေးမှာ မိန့်ခွန်းအတွင်း ၎င်းက ထည့်ပြောခဲ့ပါတယ်။

မြန်မာ့အရေး မည်သည့်ဖြေရှင်းနည်းကမဆို မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေတည်တံ့မှုနဲ့ ပြည်သူတွေရဲ့ ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွင့်ကို လေးစားသမှုရှိရမယ်လို့ သူက ဆက်ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ထိရောက်စွာ ဖော်ဆောင်ဖို့ အရေးကြီးတယ်လို့ သူက ဆို ပြီး တွေ့ဆုံမှုမြှင့်တင်တဲ့ အာဆီယံဥက္ကဌ မလေးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌရဲ့ အထူး ကိုယ်စားလှယ်တို့ကို ချီးကျူးခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက အာဆီယံဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရဖို့ တက်ကြွစွာ ကူညီဖို့ ငုရင် ဟောင်က ကတိပြုခဲ့ပြီး မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကြား ယုံကြည်မှု တည်ဆောက်ဖို့နဲ့ တွေ့ဆုံမှု တိုးမြှင့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တာရှည်နေပြီဖြစ်တဲ့ မြန်မာပဋိပက္ခအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖို့ အရေးတကြီး လို အပ်နေကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ အကြိမ် ၈၀ မြောက် အစည်းအဝေးရဲ့ ဥက္ကဌ အန်နာလီ နာဘာဘွတ်က မီးမောင်းထိုးပြခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ကို လိုက်နာပြီး အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ် အော့ သမန်ဟာရှင်းက အလေးထားပြောခဲ့ပါတယ်။

မြန်မာပဋိပက္ခမှာ အားလုံးပါဝင်သော နိုင်ငံရေးအဖြေရှာဖို့နဲ့ မူဆလင်နဲ့ အခြားလူနည်းစုတွေ ရင် ဆိုင်နေရတဲ့ လူသားချင်းစာနာမှု အခြေအနေတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ပ်က ရှင်းပြခဲ့ပါတယ်။

ကိုးကား – VNA
Ref; Việt Nam once again calls for comprehensive solution to Myanmar crisis