‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁ရက်

‎မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ၊ နတ်ရေကန်ဗျူဟာ၏ အဓိကထောက်ပို့စခန်း ဂုတ်ကြီးကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းအဖွဲ့က သိမ်းယူပြီးနောက် စစ်ကော်မရှင်က အင်အားပြန်ဖြည့် စစ်ကြောင်းထိုး နေကြောင်း သိရသည်။

‎ပြီးခဲ့သည့် စက်တင်ဘာ ၂၈က ဂုတ်ကြီးစခန်းကို လက်လွှတ်လိုက်ရပြီးနောက် အမှတ်(၉၀၅) အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) မှနေ၍ အင်အားပြည့် စစ်ယာဉ်တန်း ၁၇ စီးကို နတ်ရေကန် ဘက်သို့ စစ်ကော်မရှင်က ပို့ခဲ့ကြောင်း သိရသည်။

‎ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၃၀ရက်နေ့ကလည်း စစ်ယာဉ်တန်း ၁၈ စီးကို မစခ ၉၀၅မှတစ်ဆင့် နတ်ရေကန်ဗျူဟာကို ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရသည်။

‎”ဒီနေ့ အောက်တိုဘာ ၁ရက်နေ့ နေ့လယ်ပိုင်းက နတ်ရေကန်ဘက်ကို လမ်းသစ်ဘက်ကနေ စစ်သုံး ကားကြီး ၂စီး၊ ကားသေး တစ်စီးတို့နဲ့ အင်အားဖြည့်ပို့တာတွေ့ရပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဂုတ်ကြီးစခန်း အသိမ်းခံရသည့် စက်တင်ဘာ ၂၈ရက်နေ့ကလည်း ‎စစ်ကော်မရှင်၏ မကွေးလေတပ်မှ နေ၍ ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ ရောက်လာပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

‎နတ်ရေကန်အနီးတဝိုက်ကို စစ်ကော်မရှင်၏ စကခ-၁၇ မှ လက်အောက်ခံတပ်ရင်းများစုဖွဲ့မှုရယူပြီး ထိုးစစ်ဆင်ပြန်လည်တိုက်ခိုက်နိုင်ရန် စစ်ကော်မရှင်က အင်အားဆက်တိုက်ပို့ဆောင်နေကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။

‎လင်းတဲနှင့် စွန်တက်ကျေးရွာအနီးတွင်လည်း စစ်ကော်မရှင်က စစ်ရေးလှုပ်ရှားနေပြီး ပြည်သူ့စစ်မှုထမ်း လူသစ်များကို အဓိကထားခေါ်ယူအင်အားဖြည့်ထားကြောင်း သိရသည်။ စစ်ကော်မရှင်သည် ‎စက်တင်ဘာ ဒုတိယပတ်အထိ မစခ ၉၀၅တွင် အင်အား စုဆောင်းပြီး စစ်သုံးကားကြီး ၆၈စီးအထိ အင်အားအပြည့်ကို နတ်ရေကန်အနီးတစ်ဝိုက်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။

‎စစ်ကော်မရှင်သည် နတ်ရေကန်လေကြောင်းကာကွယ်ရေးတပ်စခန်း၏ အဓိက ထောက်ပို့ဂိတ်စခန်း ဂုတ်ကြီး စခန်း လက်လွှတ်ခဲ့ရသည့်အတွက် ထိုးစစ်ဆင်မှုများပြုလုပ်လာကြောင်း သိရသည်။

ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ