ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းယူ ထားခဲ့သည့် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်များက ယနေ့ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်ထိန်းချုပ် တပ်စွဲလိုက်ပြီ ဖြစ်ကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

 

စစ်ကော်မရှင်တပ်များသည် ခိုမုန်းရွာလမ်းကြောင်းမှတစ်ဆင့် အင်အားသုံး စစ်ကြောင်းထိုး ဝင်ရောက် လာခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်မဲမြို့ ရပ်ကွက် (၁) တွင် စတင်တပ်စွဲထားကြောင်း သတင်းရင်း မြစ်က အတည်ပြု ပြောကြားသည်။

“ခိုမုန်းကို မနေ့ကတည်းက စီးမိသွားတာ။ ကျောက်မဲကိုဝင်ဖို့ အရမ်းလွယ်သွားတယ်။ ခုရပ်ကွက် ၁ မှာ တပ်စွဲထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်တပ်များသည် ကျောက်မဲမြို့နှင့် ၂ မိုင်ကျော်ခန့်သာ ကွာဝေးသည့် ခိုမုန်းရွာ ကို ယမန်နေ့ကတည်းက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

စစ်ကော်မရှင်၏ တပ်မ (၁၁)၊ တပ်မ (၅၅) နှင့် အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁) လက်အောက်ခံ တပ်ရင်းများ စုပေါင်းပြီး အင်အားထောင်ချီ သုံးကာ ကျောက်မဲမြို့ကို စစ်ကြောင်း ထိုးလာခြင်း ဖြစ်သည်။

စစ်ကော်မရှင်သည် ဩဂုတ်လ ဒုတိယပတ်မှ စတင်ကာ နောင်ချိုမြို့ကို သိမ်းယူပြီးနောက် ထန်းတစ်ပင်နှင့် နောင်ပိန်ရွာတို့ကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

 

ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့က ကျောက်မဲမြို့ရှိ ကြံ့ခိုင်ရေးရုံး၊ သစ်တောရုံး၊ ရဲစခန်း၊ မြို့နယ် ထွေအုပ်ရုံး၊ ခရိုင်ထွေအုပ်ရုံးများကို TNLA က မီးရှို့ခဲ့သလို စစ်ကော်မရှင်ကလည်း ဌာနဆိုင်ရာ ရုံးများပေါ်သို့ ‌ဒရုန်းဗုံးနှင့် မီးလောင်ဗုံးများကြဲချခဲ့သည့်အတွက် မြို့၏နေရာအနှံ့တွင် မီးများလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။

 

တရုတ်အကူအညီဖြင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် စစ်ကော်မရှင်က TNLA ထံမှ နမ့်ဆန်နှင့် မန်တုံမြို့များကို ပြန်ပေးရန် တရားဝင် တောင်းဆိုခဲ့ပြီး၊ ကျောက်မဲနှင့် သီပေါမြို့ကိုလည်း တိုက်ယူမည် ဟု ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။

 

ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို ကျောက်မဲမြို့ပေါ်တွင် တွေ့ရစဉ်။