ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

အမေရိကန်နိုင်ငံရေးအခြေအနေနှင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်း အပြောင်းအလဲများကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ ကျဆင်းနေချိန်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်လာပြီး၊ ပြည်တွင်း ရွှေဈေးနှုန်းမှာမူ ယခင်အမြင့်ဈေးနှုန်း၌ ဆက်လက်တည်ငြိမ်နေကြောင်း ရွှေဘုံသာလမ်းဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။

ယနေ့ အောက်တိုဘာ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၄၁၃၅ ကျပ်၊ ထိုင်းတစ်ဘတ် လျှင် ၁၂၄ ကျပ်၊ တရုတ်တစ်ယွမ်လျှင် ၅၇၀ ကျပ်ရှိကြောင်း နိုင်ငံခြားငွေလဲ လုပ်သူများ ထံမှ စုံစမ်းသိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ဒေါ်လာ ၃,၈၅၈ သို့ မြင့်တက်နေသော်လည်း ပြည်တွင်း အကယ်ဒမီအခေါက်ရွှေ (စနစ်ဟောင်း) ဈေးနှုန်းမှာ ကျပ် ၈,၀၁၀,၀၀၀ (ကျပ် ၈၀ သိန်းကျော်) ဖြင့် အမြင့်ဈေးနှုန်း၌ ဆက်လက်တည်ငြိမ်နေသည်။

ဈေးကွက်ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံရေးအခြေအနေများကြောင့် ရင်းနှီး မြှုပ်နှံသူများက ဒေါ်လာကိုင်ဆောင်မှု လျှော့ချပြီး ရွှေကို လိုက်လံဝယ်ယူနေသည့်အတွက် ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒေါ်လာတို့ အခြားငွေတွေ ဈေးကျပေမဲ့ ပြည်တွင်းရွှေဈေးကတော့ လိုက်မကျဘူး။ အဓိက ကတော့ မြန်မာရွှေစျေးလည်း ကမ္ဘာ့ရွှေဈေးတက်တာကြောင့် တက်နေတာပါပဲ။ နောက်ပြီး စစ်ကောင်စီ (စစ်ကော်မရှင်)ဘက်က ဒေါ်လာတွေ ထုတ်ရောင်းပေးတာရှိတယ်” ဟု ရွှေဈေးနှင့် နိုင်ငံခြားငွေဈေး နားလည်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်နေ့တွင် အထည်ချုပ်လုပ်ငန်း ( CMP) ကုမ္ပဏီများနိုင်ငံခြားငွေများကို စားသုံးဆီလုပ်ငန်းရှင်များတွက် အမေရိကန်ဒေါ်လာ ၈ သန်း၊ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ကန်ဒေါ်လာ ရှစ်သိန်းရောင်းချ ပေးကြောင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးတစ်ပတ်အတွင်းက ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ဒေါ်လာ ၃,၃၃၈ သာ ရှိခဲ့ပြီး၊ ပြည်တွင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၇,၃၂၀,၀၀၀ (ကျပ် ၇၃ သိန်း ၂ သောင်း) သာ ရှိခဲ့သည်။

ထိုစဉ်ကာလက အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၄,၃၂၀၊ ထိုင်းဘတ်သည် ကျပ် ၁၃၀ နှင့် တရုတ်ယွမ်သည် ကျပ် ၅၉၉ အထိရှိခဲ့ရာ ယခုလက်ရှိ ဈေးနှုန်းများမှာ ဩဂုတ်လ ကာလထက် သိသာစွာ ကျဆင်းနေသည်ကို တွေ့ရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်