ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်

ထိုင်းနိုင်ငံတွင် နောက်ဆုံးပေါ် ကိုဗစ်-၁၉ ဗိုင်းရပ်စ် မျိုးကွဲအသစ်ဖြစ်သည့် XFG ပိုး ကူးစက်ခံရမှုများကို တွေ့ရှိခဲ့ပြီး ကူးစက်ခံရသူ ၃၃ ဦးအထိတွေ့ရှိထားကာ အများစုသည် ဘန်ကောက်မှဖြစ်ကြောင်း ဆေးပညာသိပ္ပံဌာနက ထုတ်ပြန်ခဲ့သည်။

XFG ဗိုင်းရပ်စ်ပိုး မျိုးကွဲအသစ်သည် အာရှနိုင်ငံများနှင့် ကမ္ဘာအနှံ့တွင် ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားမှု အရေ အတွက်မှာလည်း သိသိသာသာမြင့်မားလာနေကြောင်း ဆေးပညာသိပ္ပံဌာနက ဆိုထားသည်။

ထိုင်းနိုင်ငံတွင် XFG ဗိုင်းရပ်စ်ကူးစက်မှုမှာ ပြီးခဲ့သည့် ဧပြီမှ စက်တင်ဘာအတွင် ကူးစက်ခံရမှု ၃၃ မှုရှိကြောင်း မှတ်တမ်းများအရသိရပြီး လက်ရှိတွင်အခြားကိုဗစ်-၁၉ မျိုးကွဲများထက် ပိုမိုပြင်းထန်သည့် လက္ခဏာမတွေ့ရသေးကြောင်းလည်း သိရသည်။

“ရောဂါဖြစ်ပွားမှုဖြစ်စဉ်အများစုက အဖျားရှိတာ၊ ချောင်းဆိုတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာနဲ့ ခေါင်းကိုက်တာလိုမျိုး ရောဂါလက္ခဏာအပျော့စားတွေပါပဲ။ ဘယ်သူမှ ဆေးရုံတက်ဖို့ထိတော့ မလိုအပ် သေးဘူး” ဟု ဆေးပညာသိပ္ပံဌာနမှ ညွှန်ကြားရေးမှူးချုပ် Dr Yongyot Thammavudhi က ပြောဆိုခဲ့သည်။

ယခုကိုဗစ်-၁၉ မျိုးကွဲအသစ်သည် ပြင်းထန်သည့်ရောဂါလက္ခဏာများ မပြသော်လည်း လက်မကြာ ခဏဆေးကြောခြင်း၊ လူစုလူဝေးများကိုရှောင်ရှားခြင်း၊ ရောဂါလက္ခဏာများပြသလာပါ ကလည်း ဆေးရုံ၊ ဆေးခန်းသို့ သွားကြရန် သတိပေးထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါနှင့် ရာသီတုပ်ကွေးကူးစက်မှု မြင့်မားနေပြီး လူအများအပြားမှာလည်း ဖျားနာမှုဖြစ်ပွားနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ယခု ၂၀၂၅ နှစ်စမှ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့အထိ စာရင်းများအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ငါးသိန်းကိုးသောင်းနီးပါး ( ၅၈၉,၃၅၂) ဦးရှိခဲ့ပြီး သေဆုံးသူ ၂၃၉ ဦးအထိရှိကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေးဌာနချုပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုးကား – Bangkok Post