
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁ ရက်
မြန်မာနိုင်ငံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အိပ်မက်ဖြစ်သော ခေတ်သစ်ပိုးလမ်းမကြီး (BRI) အစီအမံ၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံပြောဆိုလိုက်သည်။
ရုရှားနှင့် ကာဇက်စတန်နိုင်ငံများမှ ပြန်လာစဉ် စစ်ခေါင်းဆောင်သည် ယမန်နေ့ စက်တင်ဘာ ၂၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းလေဆိပ် တွင် ခေတ္တရပ်နား၍ တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ် တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ထိုကိစ္စအပါ အဝင် နယ်စပ်လုံခြုံရေးကိုပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ် အမြဲတမ်းကော်မတီ အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရှေ့တောင်အာရှကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းတို့နှင့် တွေ့ဆုံခဲ့သည်။
ထိုခေတ္တရပ်နားမှုသည် စစ်ခေါင်းဆောင်အနေဖြင့် လေယာဉ်ဆီဖြည့် နှုတ်ဆက်ပြောဆိုခြင်းဟု ယူဆ မိသလို နယ်စပ်လုံခြုံတည်ငြိမ်ရေး၊ CMEC စီမံကိန်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပါဝင်ဆွေးနွေး သဖြင့် ရွေးကောက်ပွဲအလွန် ကိစ္စရပ်များရှိလာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်သည်။
“ဆိုလိုတာ Post-election မှာလည်း တရုတ်က ပတ်သက်မယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်ရှိ နေမယ်။ CMEC မှာ စီမံကိန်းတွေ သဘောတူထားတာ အများကြီး၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းပတ် လမ်း၊ စက်မှုဇုန်ကနေ ရန်ကုန်မြို့သစ်အထိပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ် အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင်အတွင်းရေးမှူး Mr. Hu Dapeng တို့ တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရှေ့တောင်အာရှကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းလည်း ပါဝင်လာကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေးတို့ ပူးပေါင်းသွားရန်၊ CMEC စီမံကိန်းများ၊ သဘောတူညီချက်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် မြန်မာ-ယူနန်အကြား ကုန်သွယ်မှုမြှင့်တင်ရေး စသည့်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း “ကူမင်းမှာ Mr. Hu Dapeng ပြီးရင် ခင်ဗျားတို့ ကျွန် တော်တို့နဲ့ ရင်းနှီးနေကြတဲ့ မစ္စတာတိန့်ရှီကျွင်းနဲ့ တွေ့ဆုံတယ်။ အဲဒီမှာ အချက် လေးချက် ဆွေးနွေးခဲ့တယ်” ဟု ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများကို ပြောဆိုထားသည်။
ထို့အပြင် CMEC စီမံကိန်းများ အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် နှစ်ဦးနှစ်ဖက် ထပ် လောင်း၍ အတည်ပြုခဲ့သလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေ ဖြင့် ဆက်လက်ထောက်ခံသွားရန် ရှိနေသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုထားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က လွန်ခဲ့သော ၂၀၁၃ ခုနှစ်တွင် ကြေညာခဲ့သည့် ၎င်း၏အိမ်မက် BRI ကို အကောင်အထည်ဖော်ရာ၌ CMEC စီမံကိန်းသည် တစ်စိတ်တစ်ပိုင်းအဖြစ် အရေးပါနေသလို မြန်မာ နိုင်ငံမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရန် တရုတ်အစိုးရက ရည်ရွယ်ကြိုးပမ်းနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ခုခံတော်လှန်မှုများကြောင့် CMEC စီမံကိန်းများ ဖော်ဆောင်မည့် ရခိုင်၊ ကချင်၊ ရှမ်း၊ မန္တလေး စသည့်နယ်မြေများတွင် တိုက်ပွဲများ ပြင်းထန်နေသလို စစ်ကော်မရှင်အနေဖြင့် စစ်ရှုံးအထိနာ၍ လက်လွှတ်ဆုံးရှုံးနေသည့် နယ်မြေများ လည်းရှိကြောင်း သိရသည်။
“မငြိမ်းချမ်းတဲ့ နေရာချည်း ကွက်ကြည့်နေလို့ မရဘူး။ အခုက စပြင်နေတယ် ယူဆတယ်။ နောက်နှစ် ဧပြီ အစိုးရသစ်တက် ပြီးတဲ့အခါမှာ စလို့ရအောင် ပြင်နေကြတယ်လို့ ယူဆတယ်” ဟု တရုတ်စီမံကိန်း အကြောင်း လေ့လာစောင့်ကြည့်နေသူ နိုင်ငံရေးအကဲခတ်တစ်ဦးက ဆိုသည်။
ယင်း CMEC စီမံကိန်းများတွင် ရထားလမ်း၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်၊ ဆိပ်ကမ်းများနှင့် မြို့သစ်စီမံကိန်းများ ပါဝင်နေပြီး စီမံကိန်းများကို ရန်ကုန်၊ မန္တလေး၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တလျှောက်ရှိ နေရာများ၌ ဖော်ဆောင်မည်ဖြစ်သလို အရေအတွက် ၃၅ ခုထက် မနည်းရှိကြောင်း သိရသည်။
ဓာတ်ပုံ – MOI