
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ရှမ်းမြောက်၊ ကျောက်မဲမြို့အတွင်းကို စစ်ကော်မရှင်တပ် ဝင်ရောက်ရန် ထိုးစစ်ဆင်လာရာ မြို့နှင့်တစ်မိုင်ခန့်သာ ကွာဝေးတော့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်တွင် စစ်ကော်မရှင်တပ်များ မြို့အနီးသို့ရောက်ရှိလာပြီး မြို့အတွင်းရှိ အုပ်ချုပ်ရေးဆိုင်ရာရုံးများ မီးလောင်ကျွမ်းနေကြောင်း သိရသည်။
“ကျောက်မဲမြို့တွင်းထိုးဖောက်ဝင်ရောက်နိုင်ဖို့ သာလွန်အင်အားနဲ့ထိုးစစ်ဆင်နေပြီး အသေခံဒရုန်းတွေအပြင် လေကြောင်းကနေအဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေပါတယ်။ လက်ရှိအချိန်ထိ TNLA နဲ့ မဟာမိတ်တွေဘက်က ကျောက်မဲမြို့မကျဆုံးရေးအတွက် ဆက်လက်ခုခံကာကွယ်နေပြီး လေကြောင်းတိုက်ခိုက်မှု၊ မီးလောင်ဗုံးနဲ့ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်မှုကို အတော်လေးခံနေရပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
ကျောက်မဲမြို့အတွင်းရှိ ကြံ့ခိုင်းရေးရုံး၊ မြို့နယ်ထွေအုပ်ရုံး၊ ခရိုင်ထွေအုပ်ရုံးနှင့် မြို့နယ်ဆောက်လုပ်ရေးရုံးများအပါအဝင် စသုံးလုံးရုံး၊ ရဲစခန်းနှင့် သစ်တောရုံးများပါ မီးလောင်ကျွမ်းနေကြောင်း သိရသည်။
ညနေ ၄ နာရီဝန်းကျင်ခန့်မှစ၍ ကျောက်မဲမြို့တွင်း ပစ်ခတ်သံများနှင့် Y 12 မှ ကင်းထောက်သည့် ပျံသန်းမှုများအပြင် လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံများပါ ကြားနေရပြီဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းအချိန်တွင် ကျောက်မဲမြို့အတွင်းမှ TNLA တပ်ဖွဲ့ဝင်အချို့ ဆုတ်ခွာသွားပြီဟုလည်း သိရသည်။
မြို့အတွင်း TNLA တပ်ဖွဲ့ဝင်အချို့ ကျန်ရှိနေသေးပြီး လက်ရှိတွင် ကျောက်မဲမြို့ပြင်ရှိ ခိုမုန်း-ခိုအုံးအနီးတွင် တိုက်ပွဲဖြစ်ပွါးနေကာ စစ်ကော်မရှင်က မြို့နှင့်အနီးဆုံးနေရာထိ ထိုးစစ်ဆင်ဝင်ရောက်နေသည်ဟု သိရသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ခိုမုန်းကျေးရွာသည် ကျောက်မဲမြို့နှင့် နှစ်မိုင်ကျော်ခန့်သာ ကွာဝေးပြီး ဖြန့်ခွဲတက်လာသည့် စစ်ကြောင်းများမှာ မြို့အနီးသို့ရောက်ရှိလာခြင်းဖြစ်သည်။