ဧရာဝတီတိုင်းမ်
(ကြို့ပင်ကောက်)၊ စက်တင်ဘာ ၃၀ ရက်

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးနေသည့် အတွက် တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့မှ ယနေ့ ၃၀ ရက်နေ့အထိ လေးရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်းလည်း သိရသည်။

 

စစ်ကော်မရှင်သည် ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်ကြားရှိ ဒေသများသို့ဖြစ်သည့် မြို့ကိုင်၊ ဥယျာဉ်ကြီး၊ ဒေါင်းစပါးကွင်း၊ ဖလံပင်၊ ကံဦးကျေးရွာများသို့ လေး ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းသိရသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် နေအိမ်ပျက်စီးမှုများလည်းရှိခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့က တိုက်ခိုက်မှုတွင် ဥယျာဉ်ကြီးကျေးရွာမှ ၁၀ တန်းကျောင်းသား မောင်အိုင်းစတိုင်းမှာ စာကျက်နေစဉ် ဒရုန်းဗုံးထိမှန်သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

 

“အခု ၈လပိုင်း ၉ လပိုင်းမှာ ကျွန်တော်တို့ဖက်ကို ဒရုန်းတွေရော၊ Gyrocopter စက်တပ်လေထီး တွေနဲ့လည်း ခပ်စိတ်စိတ် အသုံးပြုလာတာတွေ့ရတယ်။ ပြည်သူနေအိမ်ပျက်စီးတာတွေရှိတယ်။ သေဆုံးတာတွေရှိတယ်။ ဒီနေ့ မနက်မှာတော့တိုက်ပွဲဖြစ်တယ်။ အရင်ရက်တွေက တိုက်ပွဲမဖြစ်ပဲ အသားလွတ် ရွာတွေလိုက်ပြီး ဒရုန်းနဲ့ လက်နက်ကြီးနဲ့ထုတယ်” ဟု တပ်ရင်း- ၃၈၀၁၊ တပ်ရင်း-၁ တပ်ခွဲမှူးကရင်လေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ယနေ့စက်တင်ဘာ ၃၀ ရက်နေ့၍၌ ကြို့ပင်ကောက်မြို့နယ်အတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ကံဦးကျေးရွာကို ဒရုန်းဖြင့်ဗုံးကြဲမှုတွင်လည်း အသက် ၄၀ အရွယ်အမျိုးသမီး တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် အဆိုပါဒေသမှ ဒေသခံ ၈၀၀ ဝန်းကျင်မှာ စစ်ဘေးရှောင်တိမ်းနေရကြောင်းလည်း သိရသည်။

 

စစ်ကော်မရှင်သည် ပဲခူးအနောက်ခြမ်းမြို့နယ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး အုတ်ဖိုမြို့နယ်သို့ ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွင် စက်ဘီးစီးကာ ထွက်ပြေးသည့် သားအမိနှစ်ဦးပေါ် ဗုံးသီးကျရောက်ခဲ့ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – ပေးပို့
ပုံစာ – ကြို့ပင်ကောက်၊ ဥယျာဉ်ကြီးကျေးရွာဗုံးကြဲခံရမှု