
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ကျေးရွာရှိ ရှစ်ထပ် ရေတံခွန်တောင်မှ ပြုတ်ကျ၍ ပျောက်ဆုံးသူ နှစ်ဦးထဲမှ အမေရိကန်သူတစ်ဦးကို သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ပြီး ကျန်တစ်ဦးကိုရှာဖွေနေကြောင်း မန္တလေးမြို့ရှိမီးသတ်တပ်ဖွဲ့ဝင်ထံမှ သိရသည်။
မန္တလေးမီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းတွင် ပျောက်ဆုံး နေသူများကို ဆက်လက်ရှာဖွေရာ အမေရိကန်အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ထပ်မံတွေ့ရှိ၍ ရေတံခွန်မှပြုတ်ကျသေဆုံးသူ အမျိုးသမီး သုံးဦး ရှိလာပြီဖြစ်သည်။
အဆိုပါ ရှစ် ထပ်ရေတံခွန်တွင် ယမန်နေ့ စက်တင်ဘာ ၂၉ ရက်က ရေကစားနေသည့် လူ ၁၄ ဦးအနက်မှ ငါး ဦးသည် အဆင့် သုံး ထပ်သို့ပြုတ်ကျ၍ ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီး နှစ် ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံနေကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားသည်။
ထို့ကြောင့် ယနေ့တွေ့ရှိသူ အမေရိကန်အမျိုးသမီး အပါအဝင် သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ ရှရှားနိုင်ငံသား တစ်ဦးနှင့် ပျောက်ဆုံးသူ အမျိုးသမီး တစ်ဦး ကျန်ရှိပြီး ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း မန္တလေးမြို့ရှိ မီးသတ်တပ်ဖွဲ့တစ်ဦးထံမှ သိရသည်။
အဆိုပါ ၁၄ ဦးအဖွဲ့တွင် ကိုယ်ပိုင်ကျောင်းတစ်ခုမှ နိုင်ငံခြားသား ဆရာ/ဆရာမများ ပါဝင်ကြောင်း စေတနာမွန်လူမှုကူညီရေး (အုန်းချော) အဖွဲ့က အတည်ပြု ပြောကြားထားသည်။
ထို့ပြင် အမျိုးသားတစ်ဦးသည် အပေါ်ဆုံးအဆင့်တွင်ခြေကျိုးဒဏ်ရာရရှိထားပြီး မြေပြင်သို့ရောက်ရှိရန် ခက်ခက်ခဲခဲသယ် ယူရကြောင်းသိရသည်။ အဆိုပါ ၈ ရေတံခွန်တောင်အောက်ဘက်တွင် ဒုဠဝတီမြစ်ရှိကာ ၇ မိုင်ကမ်းခြေ၊ ၃ မိုင်ကမ်းခြေများရှိပြီး နွေရာသီတွင် လူအများအပြား သွားရောက် လည်ပတ်ရာနေရာဖြစ်သည်။
ဓာတ်ပုံ – Than Htay ၊ လူမှုကွန်ရက်