
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်တွင် ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့က ရွှေ့ပြောင်း မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ကားတစ်စီးသည် စစ်ဆေးရေးဂိတ်ကို ရှောင်ရှားရန် အတွက် အရှိန်ပြင်းစွာ မောင်းနှင်ခဲ့ပြီး တိမ်းမှောက်ခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများထံမှ သိရသည်။
ရွှေ့ပြောင်းမြန်မာနိုင်ငံသား အမျိုးသား ၁၉ ဦး နှင့် အမျိုးသမီး ကိုး ဦးတို့ကို တင်ဆောင်လာသည့် ကားမှာ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ ရပ်တန့်ခြင်းမရှိပဲ အရှိန်တင်ထွက်ပြေးခဲ့ရာ ဆိုင်ကယ်ကို တိုက်မိပြီးနောက် မြောင်းတွင်းသို့ထိုးကျ၍ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကားမောင်းသမားမှာ ကားပေါ်တွင်လိုက်ပါလာသူများကို ထားခဲ့ကာထွက်ပြေးသွားခဲ့ပြီး ကျန်သူများမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသားများမှာ ဘန်ကောက်နှင့် အနီးတဝိုက်ရှိခရိုင်များတွင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန် ကြားခံပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ ကြားပေးဆောင်ခဲ့ ရကြောင်းလည်း သိရသည်။
ကန်ချနာဘူရီခရိုင်တွင် ယနေ့စက်တင်ဘာ ၃၀ ရက်နေ့ကလည်း စစ်ဆေးရေးဂိတ်ကို ရှောင်ခဲ့သည့် ကားလေးစီးကို စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၉၀ ဦးကို ဖမ်းမိခဲ့ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက် မှုဖြင့် တရားစွဲဆိုခြင်းခံထားရကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထား သည်။
ကိုးကား – Bangkok Post