ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထူးတာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ထားသည့် စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) များ၏ ဖွဲ့စည်းပုံကို ယခု စက်တင်ဘာလအတွင်း အပြောင်းအလဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် လုံခြုံရေးနှင့် စစ်ဆင်ရေးများကို အထူးတာဝန်ယူထားသည့် အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆) ကို လုံးဝ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

“ကစထ-၃ မှူးကို ရတနာပုံမဲဆန္ဒနယ်ကနေ ရွေး ကောက်ပွဲဝင်အရွေးခံရမယ်လို့ သတင်းတွေလည်း ထွက်‌နေတယ်။ ပြန့်ကြဲနေတဲ့ တပ်ဖွဲ့စည်းပုံတွေကို ပြန်စုစည်းပြီး လူမြင်ကောင်းအောင် လုပ်ချင်တဲ့ သဘောလို့ သူတို့ထဲမှာ အသံထွက်နေတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖျက်သိမ်းလိုက်သော ကစထ-၆ မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို ကစထ-၁ အထူးဖွဲ့မှူး နေရာသို့ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့သည်။ စစ်ရေးအရှိန်မြှင့်နိုင်ရန်အတွက် ကစထ-၆ ကို ဖျက်သိမ်း ကာ ၎င်း၏ တာဝန်များကို ကစထ-၅ အောက်သို့ စုစည်း ထည့်သွင်းလိုက်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ ပြောင်းလဲလိုက်ခြင်းကြောင့် စစ်တိုင်းမှူးများသည် တပ်မမှူးအဆင့်မျှသာ လုပ်ပိုင်ခွင့် ရှိတော့မည်ဖြစ်ပြီး ကစထမှူးများ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ကာ စစ်ကစားလာနိုင်ခြေရှိသည် ဟု သုံးသပ် ထားသည်။

စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၁) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ၊ရှိသည့် ကချင်၊ စစ်ကိုင်း၊ ချင်းနှင့် ယောဒေသများကို စီမံခွင့်ရရှိပြီး စစ်ဆင်ရေး အထူးအဖွဲ့(ကစထ -၂) မှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ) တို့ရှိရာ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးနှင့် ကရင်နီအပါအဝင် ပြည်နယ်များကို တာဝန်ယူထားရကြောင်း သိရသည်။

စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ- ၃) မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်(နပခ) တို့ရှိသည့် ဧရာဝတီနှင့်ရခိုင်ပြည်နယ်တို့ကို စီမံခန့်ခွဲခွင့်ရပြီး စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ -၄) မှာလည်း ပြောင်းလဲခြင်းမရှိပဲ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့ကို စီမံရမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၅) သည် နေပြည်တော်တိုင်းစစ်ဌာနချုပ် (နပတ)၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်(ရကတ)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) တို့ရှိသည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် ပဲခူးတို့ကို ညွှန်ကြားရမည်ဖြစ်သည်။

ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးအရှိန်မြှင့်ရန်ဟု ရည်ရွယ်ကာ စစ်ဆင်ရေးအထူးဖွဲ့များကို အပြောင်း အလဲ လုပ်ခဲ့သည်ဆိုသော်လည်း ယခုကာလအတွင်း စစ်ကော်မရှင်က အရာရှိအများစုကို အရပ်ဘက်သို့ပြောင်း၍ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခွင့်ပြုထားကြောင်း သိရသည်။

ဓာတ်ပုံ-cincds (ပုံဟောင်း)