
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ်၊ ဆင်လန်ကျေးရွာအနီးရှိ ကာကင်းစခန်းကုန်းနှစ်ခုကို AA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့က ဆင်လန်စခန်းကုန်း၏ ကာကင်းစခန်းအချို့ကို AA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကော်မရှင်က ညောင်ခြေထောက်ပတ်ဝန်းကျင်ကိုပါ အင်အားဖြည့်တင်းမှုများပြုလုပ်လာခြင်းဖြစ်သည်။
“ညောင်ခြေထောက်က စခန်းတွေကို ကာကွယ်လိုရင်းအပြင် ရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတဲ့တောင်ကုတ်ကိုပါ နယ်မြေစိုးမိုးမှုရယူလိုတဲ့အတွက် တောင်ကုတ်တောင်ကြားလမ်းကိုပါ အင်အားဖြည့်တင်ချင်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ညောင်ကျိုးဒေသကိုလည်း အင်အားအပြည့်ပါသည့် စစ်ယာဉ်တန်းသုံးစီးဖြင့် အင်အားထပ်မံဖြည့်တင်းထားပြီးညောင်ခြေထောက်တံတားကို ဖြတ်သန်းအသုံးပြုခွင့် ကန့်သတ်ထားကြောင်း သိရသည်။
ဒေသခံအချို့ကိုလည်း ရွှေ့ပြောင်းခိုင်းထားပြီး မိုင် တိုင် ၂၇ အနီး လွှစင်တောင်တွင် တွဲကားများနှင့်တင်ဆောင်လာသည့် သံချပ်ကာတိုက်ခိုက်ရေးယာဉ် သုံးစီးပါ ရောက်ရှိနေကြောင်း သိရသည်။
နယ်မြေစိုးမိုးမှုရယူကာ အင်အားဖြည့်ထားသည့် မိုင်တိုင် ၂၇ သည် ဥသျှစ်ပင်လမ်းဆုံနှင့် သုံးမိုင်မျှသာ ကွာဝေးပြီး ဆုံးရှုံးခဲ့ရသည့် တောင်ကုတ်တောင်ကြားလမ်း၏ ညောင်ကျိုးစခန်းကြီးကို စစ်ကော်မရှင်က ပြန်လည်ရယူရန်ကြိုးပမ်းနေခြင်းဖြစ်သည်။