ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ရှစ် ထပ်ရေတံခွန် သို့ သွားရောက်ရေက စားသည့် အဖွဲ့မှ လူ ငါး ဦး ပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ သော်လည်း အမျိုးသမီး နှစ် ဦး သေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ယမန်နေ့ စက်တင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က လူ ၁၄ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စု၊ အုန်းနှဲရေအရှေ့ ကျေးရွာရှိ ရှစ်ထပ်ရေတံခွန်တောင်သို့ သွားရောက်ရေကစားခဲ့ရာမှ ငါး ဦးသည် သုံးထပ်ရေတံခွန်သို့ ပြုတ်ကျခဲ့သည်။

ထို့ကြောင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ချက်ချင်း သွားရောက်ကယ်ဆယ်ခဲ့ရာ ညနေ ၅ နာရီခန့် တွင် ရုရှားနိုင်ငံသား အမျိုးသားတစ်ဦးကို အသက်ရှင် လျက် ပြန်လည်တွေ့ရှိခဲ့ပြီး ညနေ ၆ နာရီ ၅ မိနစ်ခန့် တွင် အမျိုးသမီး နှစ်ဦး၏ ရုပ်အလောင်း များကို ရှာဖွေတွေ့ရှိခဲ့သည်။

 

ရေတံခွန်သို့ ပြုတ်ကျခဲ့သူ ငါး ဦးအနက် သုံး ဦးကို တွေ့ရှိခဲ့ပြီးနောက် ကျန် နှစ် ဦး ကို ဆက်လက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-မီးသတ်ဦးစီးဌာန