
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃၀ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း AA က စစ်ရှုံးနေသည်ဟု စစ်ကော်မရှင်က ဝါဒဖြန့်ရေးသားမှုများရှိလာကြောင်း သိရသည်။
ရက်အနည်းငယ် တိုက်ပွဲရပ်တန့်ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့က AA ထိန်းချုပ် ထားသည့် နယ်မြေများကို စစ်ကော်မရှင်က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားလာကြောင်း သိရသည်။
ထိုသို့ ဖြစ်ပွားသည့်တိုက်ပွဲများတွင် AA က ပြောက်ကျားစနစ်နှင့် တန်ပြန် ထိုးစစ်များကို အသုံး ပြုခဲ့သည့်အတွက် စစ်ကောင်စီဘက်က အထိနာပြီး တိုက်ပွဲနယ်မြေအတွင်း ပိတ်မိနေမှုများ လည်းရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ရာထူးအကြီးပိုင်းဖြစ်သည့် ဗိုလ်ကြီးနှင့် အများစုသေဆုံးပြီး ကျောက်ဖြူတပ်ရင်းများတွင်ထားရှိသည့် ဆေးရုံများ၌ ကုသ၍မနိုင်တော့သည့်အတွက် စစ်တွေနှင့် ရန်ကုန်ကိုပါ ဒဏ်ရာရအရာရှိများကို ပို့ဆောင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့က ဒညဝတီ ရေတပ်ဌာနချုပ်အတွင်းမှ ရာထူးကြီး စစ်ကော်မရှင် အရာရှိတစ်ဦး AA လက်ချက်ကြောင့် သေဆုံးသွားသဖြင့် တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ စစ်ကော်မရှင်တပ်က အထိနာနေသော်လည်းကျောက်ဖြူမြို့ပေါ်တွင် စစ်ကော်မရှင်နှင့် နီးစပ်သူ များကို AA က စစ်ရှုံးနေပြီဖြစ်၍ မြန်မာစစ်တပ်က ထိုးစစ်ပိုင်း အသာရနေပြီဖြစ်ကြောင်း ဝါဒဖြန့်နေ သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် လည်း စစ်တပ်၏ထိုးစစ်ကို AA က တောင့်မခံနိုင် တော့ဘဲ တပ်ပျက်၍ ဆုတ်ပြေးနေရပြီဖြစ်ကြောင်း ဝါဒဖြန့်ချိလျက်ရှိသည်။
စစ်ကော်မရှင်က ၂၂ ရက်နေ့နောက်ပိုင်းမှစတင်ကာ AA သိမ်းပိုက်ထားသည့် မင်းတပ်တောင်နှင့် စက်မှုလက်မှုသင်တန်းကျောင်းဘက်ကို ထိုးစစ်ဆင်လှုပ် ရှားနေကြောင်း သိရသည်။
ထို့အပြင် ကျောက်ဖြူမြို့နယ်အနှံ့ အင်အားထောင်ချီသုံးကာ စစ်ကြောင်း လေး ကြောင်းခွဲ၍ စစ်ကြောင်း ထိုးတက်နေပြီး AA ဘက်ကလည်း စနိုက်ဘာနှင့် ဒရုန်းအသုံးပြုကာ စစ်ကော်မရှင်ကို အထိနာအောင် တိုက်ခိုက်နေကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)