
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်များအပါအဝင် ရှစ်ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့လည် ၂ နာရီ ၂၈ မိနစ်ခန့်တွင် စစ်ကော်မရှင်က ဆဒုံးမြို့လယ်ဈေးကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မူကြိုကလေးငယ်နှစ်ဦးအပါအဝင် ရှစ် ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကနဦးသေဆုံးစာရင်းအရ အမည်မသိ ကျောင်းသားကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသမီး သုံး ဦးနဲ့ အမျိုးသား သုံး ဦးတို့ သေဆုံးတယ်လို့ သိရပါတယ်။ ဒဏ်ရာရတာကတော့ ငါးယောက်ပါ။ ဈေးနားကနေအိမ်အချို့ပါ ထိသွားလို့ သေဆုံးစာရင်းက ရှစ်ယောက်ထက်လည်းပိုနိုင်ပါတယ်”ဟု ဆဒုံးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် နေ့လည် ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဒုတိယအကြိမ် ဗုံးထပ်မံ ကြဲချခဲ့သည်ဟု ဆိုသည်။
ဒုတိယအကြိမ် ကြဲချခဲ့သည့်ဗုံးမှာ ဆဒုံးမြို့ပေါ်ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲသည့်အတွက် ကလေးငယ်များပါ ထိခိုကဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
KIA မှ ဗိုလ်ချုပ်ဂွမ်မော်ကလည်း “မင်းတို့တွေ လူမဟုတ်တော့ဘူး”ဟု ဆဒုံးမြို့ ဗုံးကြဲချခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဆဒုံးမြို့ကို KIA က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် သိမ်းပိုက်ထားပြီး မြို့ပေါ်တွင် စစ်ရေးလှုပ်ရှားမှုမရှိပဲ ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး၌သာ စစ်ကော်မရှင်နှင့် KIA တို့ ထိတွေ့တိုက်ပွဲအချို့သာရှိကြောင်း သိရသည်။
ပုံစာ- ဆဒုံးမြို့ကို စစ်ကော်မရှင်ဗုံးကြဲထား၍ ပျက်စီးနေစဥ်