နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၉ ရက်

ကရင်ပြည်နယ် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကာကွယ်ပံ့ပိုး သွားမည် ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တို့က ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။

ဒေသတည်ငြိမ်အေးချမ်းရေး အကြောင်းပြထားသည့် ကရင်နယ်ခြားစောင့်တပ် BGF သည် စစ်ကော် မရှင်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖြစ်ပြီး ကျန် DKBA နှင့် KNLA-PC တို့မှာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး စစ်ကော်မရှင်နှင့် ထိတွေ့ ဆက်ဆံမှုရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည်။

အဆိုပါသုံးဖွဲ့စလုံးသည် BGF အမှတ် (၂) တပ်နယ် ဌာနချုပ်တွင် ဆုံတွေ့ဆွေးနွေးမှုအပြီး ထိုသို့သော သဘောထားကို ထုတ်ပြန်လာခြင်းဖြစ်သည်။

“အဓိကကတော့ ကျွန်တော်တို့ဒေသ တည်ငြိမ်အေးချမ်းရေးကို တတ်နိုင်တဲ့ဘက်က ဝိုင်းထိန်းမယ်ဆိုတဲ့ အခြေခံပဲရှိပါတယ်။ ဒေသခံလူထုရဲ့ ရွေးချယ်မှုနဲ့ ဆိုင်တဲ့အတွက် လွတ်လွတ်လပ်လပ် မဲပေးရွေးချယ် ခွင့်ရအောင် ကျွန်တော်တို့ သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့ ဝိုင်းဝန်းဆောင်ရွက်တာပါ” ဟု KNLA-PC မှ ဗိုလ်မှူး စောမူးအယ်ဝါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ပါတီစုံဒီမိုကရေစီစနစ် ဖြင့် ပြည်သူတို့၏ တည်ငြိမ်အေးချမ်းသော ဘဝကို ဖော်ဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပြုခြင်းကြောင့် ထိခိုက်နစ်နာမှု မရှိစေရန် အဖွဲ့စုံပူးပေါင်း ကာကွယ်သွားမည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ကရင်ပြည်နယ်၏ လက်ရှိစစ်ရေး၊ နိုင်ငံရေး အခြေအနေအရပ်ရပ်အပေါ် လေ့လာသုံးသ ပ်ကြလျက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ သည် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခပေါင်းစုံကို ဖြေရှင်းနိုင်မည့် ဒီမိုကရေစီနည်းလမ်း ကျသော ပြည်သူ့ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းစေမည်ဟု အဆိုပါ ကရင့်လက်နက်ကိုင် သုံးဖွဲ့က ဆိုသည်။

သို့သော် ၎င်းတို့၏ ထုတ်ပြန်ချက်တွင် စစ်ကော်မရှင်၏ အကြမ်းဖက်လုပ်ရပ်များ နှင့် အာဏာသိမ်းမှု ကိုမူ ဝေဖန်ဖော်ပြထားခြင်းမရှိပေ။

စစ်ကော်မရှင်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို လတ်တလောတွင် ဒေသအခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် မရှိသေးသလို ၎င်းတို့ သုံးဖွဲ့သည် ကရင်ပြည်နယ်နှင့် ပြည်သူတို့၏ အနာဂတ်အတွက် လေးနက်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း KNLA-PC မှ ဗိုလ်မှူး စောမူးအယ်ဝါးက ဆိုသည်။

အလားတူ မကြာသေးမီကလည်း စစ်ကော်မရှင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ BGF ၊ DKBA တို့က ထောက်ခံကူညီသွားမည်ဟု တရားဝင်ထုတ်ပြန်ထားသလို KNLA-PC ကမူ အဖွဲ့တွင်း သီးခြားဆွေးနွေး ခြင်း မရှိသေးသော်လည်း ပြည်သူ့ဆန္ဒ၊ ဒေသအခြေအနေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းမ် သတင်းဌာနကို ဖြေဆိုပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်၌ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) အတွက် သတ်မှတ်ကြေညာထားသည့် ဒေသများထဲ ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီနှင့် သံတောင်ကြီးမြို့နယ်တို့ ပါဝင်နေပြီး KNU ကိုလည်း မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့ ကြေညာကာ ရွေးကောက်ပွဲ နှောင့်ယှက်မှုတို့ဖြင့် အမှုဖွင့်ကာ ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်