ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၂၉ ရက်

 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုဒေသတွင် စစ်ကော်မရှင်၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုများကြောင့် တိုက်ပွဲများပြင်းထန်နေပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ်(KNDF)က ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

စစ်ကော်မရှင်တပ်ဖွဲ့များသည် ဒီးမော့ဆိုမြို့နယ်ကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဩဂုတ် လမှစတင်ကာ အပြင်းအထန်ထိုးစစ်ဆင်နေပြီး ဒေါင်းငံခါးရပ်ကွက်နှင့် အနီးတဝိုက်တွင် အင်အားအလုံး အရင်းဖြင့်ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်နေကြောင်း KNDF ကထုတ်ပြန်ထားသည်။

 

ထို့ပြင် ဒေါင်းငံခါးရပ်ကွက်နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့လည်း လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများကိုလည်း နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

“စစ်ကောင်စီရဲ့စစ်ကြောင်းတွေက ကျွန်တော်တို့ဒီးမော့ဆိုမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင် နေတယ်ပေါ့နော်။ ပြီးတော့ဘောလခဲမြို့ကိုသွားဖို့ကိုလည်း စိုင်းပြင်းနေတဲ့ပုံစံဖြစ်တယ်။ အထူးသဖြင့် ဘောလခဲမြို့မှာရှိတဲ့သူတို့တပ်ရင်းကို ပြန်ပြီးတော့မှ ပေါင်းစည်းချိတ်ဆက်နိုင်ဖို့ဖြစ်တယ်” ဟု KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် ကရင်နီဒေသတွင်း တိုက်ပွဲများတွင် စစ်ကော်မရှင်က တပ်သားသစ်အများအပြားကိုလည်း အသုံးပြုနေပြီး စစ်ကော်မရှင် တပ်သားအယောက် ၃၀ မှ ၅၀ အတွင်း သေဆုံးနိုင်ကြောင်းကိုလည်း KNDF ထံက သိရသည်။

 

စစ်ကော်မရှင်၏ ဒီးမော့ဆိုမှတဆင့် ဖရူဆိုသို့ စစ်ကြောင်းထိုးသည့် စစ်ကြောင်းနှင့်ယာဉ်တန်းများမှာ ဖရူဆိုအခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိနေပြီး ထိုမှတဆင့် ဘောလခဲမြိုနယ်ဘက်သို့ စစ်ကြောင်းထိုးရန်ပြင်ဆင်နေပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီး တလျောက် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

 

ထို့ပြင် ကရင်နီဒေသတွင် မိုးဗြဲမြို့နှင့်အနီးကျေးရွာများရှိဒေသခံများကို စစ်ကော်မရှင်က ဖမ်းဆီး နှိပ်စက်ခြင်းများ လုပ်ဆောင်နေပြီး ဖယ်ခုံမြို့နယ် ၊တောင်စလုံးကျေးရွာဘက်တွင်လည်း PNOတပ်ဖွဲ့ များနှင့် ပူးပေါင်းကာ စစ်ကြောင်းများဖြန့်ကျက် လှုပ်ရှားမှုများ ပြုလုပ်နေကြောင်း KNDF က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – KNDF